မြေယာအငြင်းပွားမှု ဖြေရှင်းစဉ်ကာလအတွင်း မွန်နှင့်ကရင် တိုက်ပွဲများ မဖြစ်ပွားရန် သဘောတူ

မြေယာအငြင်းပွားမှု ဖြေရှင်းစဉ်ကာလအတွင်း မွန်နှင့်ကရင် တိုက်ပွဲများ မဖြစ်ပွားရန် သဘောတူ

ရန်ကုန် ၊ ဇန်နဝါရီ ၂၆ ။              ။ တနင်္သာရီတိုင်းဒေသကြီးအတွင်း မြေယာအငြင်းပွားမှုကိစ္စဖြေရှင်းနေစဉ် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် မွန်ပြည်သစ်ပါတီတပ်ဖွဲ့များအကြား တိုက်ပွဲများ ထပ်မံမဖြစ်ပွားစေရေး အတွက် နှစ်ဖက်တပ်ဖွဲ့များကို ထိန်းသိမ်းသွားရန် သဘောတူညီမှုရရှိခဲ့သည်ဟု တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်က မဇ္ဈိမသို့ ပြောသည်။

"ဒီမြေယာပြဿနာတွေကို ဖြေရှင်းနေတဲ့ကာလမှာ ပစ်ခတ်မှုရပ်ဆိုင်းပေးရမယ်။ တောင်ယာစခန်းတွေကို သွားနေတဲ့အချိန်ကာလမှာ ပစ်ခတ်ခြင်းမပြုရဘူး၊ အနှောက်အယှက်မပေးရဘူးဆိုပြီး နှစ်ဖက်စလုံးက ဝန်ခံကတိပြုခဲ့ကြပါတယ်" ဟု ဒေါ်လဲ့လဲ့မော်က ဆိုသည်။

တနင်္သာရီအစိုးရအဖွဲ့အနေဖြင့် နှစ်ဖက်တပ်ဖွဲ့များအငြင်းပွားနေသည့် မြေယာကိစ္စဖြေရှင်းပေးရန် မြေစာရင်းဦးစီးဌာနနှင့် ညှိနှိုင်းလုပ်ဆောင်ပေးသွားရန်ရှိနေပြီး အဆိုပါကိစ္စပြေလည်သွားပါက တိုက်ခိုက်မှုများ ရှိနိုင်မည်မဟုတ်ကြောင်း ဒေါ်လဲ့လဲ့မော်က ထပ်လောင်းပြောဆိုခဲ့သည်။

ယမန့်နေ့(ဇန်နဝါရီ ၂၅) ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ကရင်အမျိုးသားအစည်းအရုံး(KNU) ၊ မွန်ပြည်သစ်ပါတီတို့နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းများ တွေ့ဆုံခဲ့ပြီး ယခုလို သဘောတူညီမှုရရှိခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုပါတွေ့ဆုံပွဲကို တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မွန်ပြည်သစ်ပါတီ အကြီးအကဲများနှင့် ကရင်အမျိုးသားအစည်းအရုံး(KNU) မှ ထားဝယ်ခရိုင်တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း မွန်ပြည်သစ်ပါတီနှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)တို့ နှစ်ဖက်တပ်ဖွဲ့များအကြား မြေယာပိုင်ဆိုင်မှုကိစ္စနှင့် အငြင်းပွားနေမှုများ ရှိနေပြီး နှစ်ဖက်တပ်ဖွဲ့များအကြား ၂၀၁၆ခုနှစ် နှောင်းပိုင်းမှ စတင်ပြီး ပစ်ခတ်မှုများ ရှိလာနေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly