ပထမဆုံးကြိမ် မြန်မာ့ရိုးရာ အိုးကြီးချက် အလွတ်တန်းပြိုင်ပွဲ ကျင်းပနေ

ပထမဆုံးကြိမ် မြန်မာ့ရိုးရာ အိုးကြီးချက် အလွတ်တန်းပြိုင်ပွဲ ကျင်းပနေ

မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းက ဦးစီးပြီး ပထမဆုံးအကြိမ် မြန်မာ့ရိုးရာအိုးကြီးချက် အလွတ်တမ်းပြိုင်ပွဲကို ရန်ကုန်မြို့တွင် ဇန်နဝါရီ ၂၅ရက်မှ ၂၉ ရက်အထိ မိုင်ဒါကွင်းတွင် ၅ရက်တာ ကျင်းပနေကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းပေါင်း ၁၆ သင်း ပါဝင်၍ အုပ်စု(က)နှင့် အုပ်စု(ခ)ဟု အုပ်စု(၂)ခုခွဲထားပြီး ဇန်နဝါရီ ၂၅ရက်တွင် အုပ်စု(က) မှ ပြိုင်ပွဲဝင် ၈ သင်းက ဝက်သားဟင်း နှင့် အရံဟင်းများကို ချက်ပြုတ်ပြိုင်ပွဲဝင်ခဲ့ကြသည်။

ပြိုင်ပွဲကျင်းပဖြစ်ပုံနှင့် ပတ်သက်၍ မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးစိန်ခဲက “မြန်မာပြည်မှာ ဆယ့်နှစ်လရာသီ အလှူအတန်းတွေ အရမ်းများတယ်။

ပြီးတော့ မြန်မာလူမျိုးတွေက ထမင်းကို ထမင်းရည်ချောင်းစီး ကျွေးကြတယ်လေ။ ပြီးသွားရင်ဘယ်အလှူက စားကောင်းတယ်။ အဲဒီလိုမျိုးပြောကြတယ်။ နောက်ကအပင်ပန်းခံပြီး ချက်ပေးတဲ့လူတွေ နာမည် မပေါ်ဘူး။ သူတို့ရဲ့ကြိုးစားအားထုတ်မှုက ဘယ်သူမှအသိအမှတ်ပြုမခံရဘူး။ အဲဒီလိုမျိုးလူတွေကို ဖော်ထုတ်တယ်။ ဂုဏ်ယူတယ်။ သူတို့ကို အသိအမှတ်ပြုတဲ့အနေနဲ့ ဒီပွဲလေးကျင်းပတာပါ” ဟု ပြောသည်။

ပြိုင်ပွဲတွင်အိုးကြီးချက်ဖူးသည့်အတွေ့အကြုံရှိသူများအပြင် ဝါသနာရှင် များ ပါဝင်ယှဉ်ပြိုင်နေကြပြီး ပြိုင်ပွဲဝင်၁၆ သင်းကို ပဏာမ၂၄သင်းမှ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ဒိုင်များအဖြစ် မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း အဖွဲ့ဝင်များကဆောင်ရွက်ပေးနေပြီး ပထမဆုအနေဖြင့် သိန်း ၅၀၊ ဒုတိယဆု သိန်း ၃၀၊ တတိယဆု သိန်း ၂၀၊ အသီးသီးချီးြှမှင့်သွားမည်ဖြစ်သည်။

ပြိုင်ပွဲဝင်စားတော်ကဲအဖွဲ့က ကိုခင်ဇော်ထိုက်က “Final အထိပြိုင်မှာပါ။ Final မှာ ငါးသလောက်ပေါင်း အချိန် ၈၀ ကို ၇နာရီနဲ့ ရအောင်ပေါင်းကြည့်ဦးမှာပါ” ဟု ပြောသည်။

ယခုပြိုင်ပွဲတွင် မြန်မာ့ရိုးရာ အိုးစည်ဒိုးပတ်ပြိုင်ပွဲ ရခိုင်ရိုးရာကျင်ကိုင်ပွဲအပြင် အနုပညာပြပွဲများနှင့် မြန်မာ့ရိုးရာကိုဖော်ကြူးသည့် ပြိုင်ပွဲများကိုလည်း ကျင်းပလျက်ရှိပြီး ပြိုင်ပွဲပြီးဆုံးချိန် ညနေ ၄ နာရီတွင် အိုးသူကြီးများ၏လက်ရာကို စတုဒီသာကျွေးမွေးမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ဖွင့်ပွဲအခမ်းအနားကို ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး   ဒေါ်နော်ပန်းသဉ္ဇာမျိုး၊ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနေလင်း၊ အကြီးတန်းဒုဥက္ကဋ္ဌ ဒေါ်တင်မာမြင့်နှင့် ဒုဥက္ကဌ ဦးမြင့်ဇော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly