ကချင်ပြည်နယ် မိုးမောက်စစ်ရှောင်စခန်းရောက် အမျိုးသမီးများရဲ့အခြေအနေ

25 January 2017
ကချင်ပြည်နယ် မိုးမောက်စစ်ရှောင်စခန်းရောက် အမျိုးသမီးများရဲ့အခြေအနေ

ဒီကနေ့ ဒီအစဉ်အစဉ်မှာတော့ မငြိမ်းချမ်းတဲ့ဒေသက အမျိုးသမီးတွေရဲ့ ဘဝတွေနဲ့ ခက်ခဲရုန်းကန်မှုတွေကို တင်ဆက်သွားမှာပါ။

ကချင်ပြည်နယ်ထဲက စစ်ရှောင်စခန်းတွေမှာ နေထိုင်နေရသူတွေဟာ အခုဆိုရင် မိမိ နေရပ်ကို စွန့်ခွာခဲ့ရတာ ငါးနှစ်လောက်ရှိပြီဖြစ်ပါတယ်။ ဒီလို နှစ်ရှည်ခံနေရတဲ့ ဒုက္ခတွေကို ဒေသခံတွေ ဘယ်လိုများ ကြံ့ကြံ့ခံနေရလဲဆိုတာကို တင်ဆက်နိုင်ဖို့အတွက်  ဗန်မော်၊ မိုးမောက်၊ ဝိုင်းမော်နဲ့ မြစ်ကြီးနားမြို့အနီးက စစ်ရှောင်စခန်းတွေမှာ နေထိုင်နေရတဲ့ အမျိုးသမီးတွေကို မဇ္ဈိမက သွားရောက် တွေ့ဆုံခဲ့ပါတယ်။

အခုမြင်တွေ့နေရတာကတော့ ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ စစ်ရှောင်စခန်းတစ်ခုဖြစ်တဲ့ မိုးမောက်မှ စစ်ရှောင်စခန်းတစ်ခု ဖြစ်ပါတယ်။ ဒီစခန်းမှာ လာရောက်ခိုလှုံသူဦးရေဟာ ၁၈၀၀ ကျော်ရှိပါတယ်။ အဲဒီအထဲက ၁၀၀၀ နီးပါးလောက်ဟာ အမျိုးသမီးတွေပဲ ဖြစ်ပါတယ်။ ဒီလိုစစ်ရှောင်စခန်းတွေ ကချင်ပြည်နယ်မှာရှိတဲ့ စစ်ရှောင်စခန်းတွေ ကျန်ရှိနေပါသေးတယ်။

ဒီစစ်ရှောင်စခန်းတွေဟာ မြန်မာ့တပ်မတော်ထိန်းချုပ်နယ်မြေနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် ထိန်းချုပ်နယ်မြေတွေမှာ တွေ့နိုင်ပါတယ်။ ဘာသာရေးဆိုင်ရာ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းတွေကလည်း စစ်ရှောင်စခန်းတွေ ဖွင့်လှစ်ပြီး တိုက်ပွဲဖြစ်ရာ နေရာတွေဆီက ရောက်လာတဲ့သူတွေကို ကူညီကြပါတယ်။

ဒေါ်နန်ပူ (တာဝန်ခံ)

Htoi Gender and Development Organization

ဒီ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့တွေမှာရှိတဲ့ စစ်ဘေးစခန်းမှာရှိတဲ့ အမျိုးသမီးတွေရဲ့ အခြေအနေကို ပြောမယ်ဆိုရင် သူတို့တွေက လွန်ခဲ့တဲ့ ၂၀၁၅ ကနေစပြီးတော့ သူတို့ ရသင့်ရထိုက်တဲ့ စစ်ဘေးဒုက္ခသည်တွေကို ထောက်ပံ့တဲ့ စားနပ်ရိက္ခာထောက်ပံ့မှု ဖြတ်တောက်လိုက်တယ်။ ဖြတ်လိုက်ပြီးတော့ တစ်ယောက်ကို ၉၀၀၀ စီပဲ ပေးတော့တာပေါ့။ အဲဒီအခါကျတော့ သူတို့မှာ အခက်အခဲတွေ အများကြီးရှိတယ်။ လွန်ခဲ့တဲ့အချိန်မှာ ပေးတာတောင်မှပဲ ဘာဖြစ်လဲဆိုရင် စစ်ပြေးတစ်ယောက်ရဲ့ ရသင့်ရထိုက်တဲ့ ရခိုင်နှုန်းကို အပြည့်အဝမရပဲနဲ့ ၃၅ ရာခိုင်နှုန်းလောက်ပဲ ရတယ်။ အဲဒါကို ပြန်ပြီးတော့ ဖြတ်တောက်လိုက်တယ်ဆိုတော့ သူတို့ အခက်အခဲတွေ အများကြီးဖြစ်တယ်။ ပြီးတော့ သူတို့ရဲ့ ကျန်းမာရေးအခြေအနေတွေကို ကျန်းမာရေး ပြုစုစောင့်ရှောက်မှု အပြည့်အဝ သူတို့ မရရှိဘူး။ ဖျားပြီနာပြီဆိုရင် သူတို့ ဆေးရုံကိုသွားရတယ် ဆေးရုံမှာလည်းပဲ စစ်ပြေးဒုက္ခသည်ပါဆိုတဲ့ ထောက်ခံစာနဲ့ သွားရတယ်။ သွားတဲ့အခါကျတော့ ဆရာဝန်က ချက်ချင်းမကုပေးပဲနဲ့ တခြားလူနာတွေကို အရင်ကုပေးတယ်။ နောက်ဆုံးမှ အရမ်းကြာတဲ့အချိန်ကျမှ ကုပေးတယ်။ ဒီလိုအခက်အခဲတွေတော့ ရှိတာပေါ့။

မဇ္ဈိမ

ဒီစစ်ရှောင်စခန်းတွေမှာ နေထိုင်တဲ့သူတွေဟာ မိမိနေရပ်ကို စွန့်ခွာလာတာ ၅ နှစ်လောက်ရှိပါပြီ။ ဒါဟာ တပ်မတော်နဲ့ KIA အကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ခဲ့တဲ့ လာလတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ မြန်မာ့တပ်မတော်နဲ့ KIA တိုက်ပွဲကြောင့် နေရပ်ကို စွန့်ခွာ ထွက်ပြေးလာသူဟာ ၁၂၀၀၀၀ ကျော်ရှိပြီး ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းမှာရှိတဲ့ စစ်ရှောင်စခန်းတွေဆီမှာ ခိုလှုံကြရတာပါ။ စစ်ရှောင်စခန်းတွေမှာနေထိုင်တဲ့ အမျိုးသမီးတွေမှာလည်း စိန်ခေါ်မှုတွေ ရှိနေပါတယ်။

စစ်ဘေးရှောင် တစ်ဦး

အခက်အခဲတွေတော့ တော်တော်ရှိတာပေါ့။ ငွေကြေး၊ အစားအသောက်ထောက်ပံ့တာတော့ ရှိတာပေါ့။ အရင်တုန်းက ရွာမှာနေခဲ့သလိုတော့ အဆင်မပြေဘူးပေါ့။ ကလေးတွေကတော့ ကျောင်းတက်တယ်။ ဒီကိုရောက်တာတော့ ၄ နှစ်ကျော်ပါပြီ။ ရွာမှာနေတုန်းကဆို အလုပ်အကိုင်က ရှိတယ်လေ တောင်ယာလုပ်လည်းရတယ် ဘာမှလည်း စိတ်ညစ်စရာမရှိဘူး။ ဒီမှာကတော့ ဆင်းရဲတာပေါ့။

မဇ္ဈိမ

စစ်ရှောင်စခန်းတွေကို ရောက်တဲ့အခါမှာ အများဆုံးတွေ့နိုင်တာကတော့ အမျိုးးသမီးတွေနဲ့ ကလေးတွေရယ် သက်ကြီးရွယ်အိုတွေပဲ ဖြစ်ပါတယ်။ အမျိုးသမီးတွေဆီက နောက်ထပ် ကြားနိုင်တာကတော့ အလုပ်မရှိတဲ့အကြောင်းပဲ ဖြစ်ပါတယ်။

ဒေါ်နန်ပူ (တာဝန်ခံ)

Htoi Gender and Development Organization

သူတို့ခင်ပွန်းတွေက ဖားကန့်ဘက်မှာ ကျောက်စိမ်း ရေမဆေးသွားရှာတာတို့ ဘာတို့တော့ ရှိတယ်။ စစ်ဘေးရှောင်မှာလာနေတဲ့သူတွေက ဒီမှာနေတာ လေးငါးခြောက်နှစ် ရှိသွားပြီဖြစ်တဲ့အတွက်ကြောင့်မို့ သူတို့က NGO တွေကလည်းပဲ အသက်မွေးဝမ်းကြောင်းတွေ လုပ်ပေးတယ်။ တချိုကအမျိုးသားတွေဆိုရင် ဖားကန့်ဘက်မှာ သွားလုပ်ကြတယ်။ မြေပြိုပြီးတော့ သေသွားတဲ့လူတွေလည်း ရှိပါတယ်။ တချို့က အဆက်အသွယ်မရတာတွေလည်းရှိတယ်။ တချို့ကျတော့ လက်နက်ကိုင်တွေဘက်ကို သွားတာတွေလည်း ရှိတယ်။

 မဇ္ဈိမ

တကယ်တော့ ဒီစစ်ရှောင်စခန်းတွေက သူတို့အိမ် မဟုတ်ပါဘးူ။ သူတို့အိမ်ကတော့ တိုက်ပွဲတွေရဲ့ နင်းချေခြင်းကို ခံခဲ့ရပါတယ်။ မြစ်ကြီးနား ဗန်မော် လမ်းတစ်လျှောက်မှာဆိုရင် လူသူမရှိပဲ ခြောက်ကပ်နေတာကို တွေ့ရှိရပါတယ်။ စစ်ရှောင်စခန်းတွေကနေ သူတို့ ဘယ်အချိန်မှာ အိမ်ပြန်ရမလဲ။ ဘယ်လိုပြန်ရမလဲ။ စစ်ကြောင့် ပျက်စီးသွားတာတွေကို ဘယ်သူတွေ တာဝန်ယူကြမလဲဆိုတာ မသိနိုင်တော့ပါဘူး။

ဒေါ်ရွယ်ဂျာ (တာဝန်ခံ)

စိန်ပေါလ် စစ်ရှောင်စခန်း

ငြိမ်းချမ်းရေးလုပ်နေတဲ့သူတွေကို ကျွန်မ ပြောချင်တာကတော့ ငြိမ်းချမ်းရေးဆိုတာက မြန်မြန်ရလေ တိုင်းပြည်အတွက် ပိုကောင်းလေပေါ့။ စစ်ကြောင့် ဖြစ်လာတဲ့ အကျိုးဆက်က မကောင်းတဲ့အကျိုးဆက်တွေပဲ ရှိလာမှာပါ။ ကောင်းတဲ့အကျိုးဆက်က ဘာမှ ရှိလာမှမဟုတ်ပါဘူး။ စစ်တပ်ကပဲသေသေ လက်နက်ကိုင်အဖွဲ့အစည်းကပဲသေသေ ဗမာတွေ ကချင်တွေကို ခွာလိုက်ရင် အားလုံးက လူတွေပါပဲ သေတာပါပဲ။ အထက်ကလူကြီးတွေ အောက်ခြေကလူတွေ ဘယ်လိုခံစားနေရလဲဆိုတာ ကွက်ကွက်ကွင်းကွင်း မမြင်ပဲနဲ့ သူတို့က တိုက်ပါခိုက်ပါဆိုပြီးတော့ အမိန့်ချလိုက်တဲ့အတွက် ဒီလိုမျိုးတွေ ဖြစ်လာတယ်။ တကယ့်တကယ် အောက်ခြေမှာ ပြည်သူတွေ ဘယ်လိုခံစားနေရသလဲဆိုတာ သူတို့ကိုယ်တိုင် လာပြီးတော့ ကြည့်လို့ မြင်ရင်တော့ ကျွန်မထင်တယ် သူတို့မှာ နှလုံးသားပါလာမယ်ဆိုရင် ဒီလိုမျိုး အမိန့်ချရက်မှာ မဟုတ်ဘူးလို့ ထင်ပါတယ်။

Mizzima Weekly