အာမခံကြေး ဆယ်ဆမတိုးမြှင့်ရန် ပြည်ပအလုပ်အကိုင်များမှ သမ္မတရုံးသို့ အသနားခံစာတင်မည်

အာမခံကြေး ဆယ်ဆမတိုးမြှင့်ရန် ပြည်ပအလုပ်အကိုင်များမှ သမ္မတရုံးသို့ အသနားခံစာတင်မည်

ရန်ကုန်၊ ဇန်နဝါရီ ၂၄ ။            ။ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအပေါ် အာမခံကြေး(၁၀)ဆ မတိုးမြှင့်ရန် လုပ်ငန်းရှင်အဖွဲ့ဝင်များ စုပေါင်းပြီး နိုင်ငံတော်သမ္မတရုံးနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများကို အသနားခံစာတင်သွားမည်ဟုသိရသည်။

ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအပေါ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အာမခံကြေး ကျပ်သိန်းငါးရာအထိတိုးမြှင့်ရန် စီစဉ်နေကြောင်း မီဒီယာအချို့တွင်ဖေါ်ပြခဲ့ပြီးနောက် ယခုလို အသနားခံစာတင်ရန် စီစဉ်နေကြခြင်းဖြစ်သည်။

“ပြည်သူတွေအနေနဲ့ လက်ရှိကြုံနေတဲ့အခက်အခဲတွေကို တင်ပြမယ်။ လက်ရှိကြုံနေတာ အစ်မတို့ ကုမ္ပဏီတွေမှာလာအပ်တဲ့လူတွေ အလုပ်သမားတွေက ပိုက်ဆံချမ်းသာတဲ့သူတစ်ယောက်မှမပါဘူး။ မရှိဆင်းရဲသားတွေချည်းပဲ။ အဲဒီလူတွေရဲ့ပိုက်ဆံတစ်ကျပ်ကအစ တန်ဖိုးရှိတယ်။ အဲဒီလူတွေရဲ့ကုန်ကျစားရိတ်တွေ နစ်နာမှုတွေဆုံးရှုံးမှုတွေကို အစ်မတို့ တင်ပြပြီး မေတ္တာရပ်ခံသွားမယ်။” ဟု ကြည်အားမာန် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီမှ မရှယ်ရီ က ပြောသည်။

ယခုလိုတိုးမြှင့်လိုက်သည့်အတွက် အလုပ်သမားများအပေါ် ဆိုးကျိုးများသက်ရောက်စေသည်ဟု မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်(MOEAF) မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒီအေဂျင်စီတွေကို အာမခံကြေးတိုးမြှင့်ခြင်းဟာ သွယ်ဝိုက်သောအားဖြင့် အလုပ်သမားတွေအပေါ်မှာပဲ ဝန်ထုပ်ဝန်ပိုးဖြစ်လိမ့်မယ်။ စာရွက်စာတမ်းအပေါ်မှာ ပြလို့မရပေမယ့် တစ်ဖက်တစ်လမ်းကနေ အလုပ်သမားတွေအပေါ် ဒီပိုက်ဆံတွေ စီးဝင်မှာပဲ” ဟု MOEAF တွဲဖက်အတွင်းရေးမှူး ကိုဇော်မျိုးမြင့် က ပြောသည်။

လက်ရှိအချိန်တွင် မလေးရှားသို့သွားရောက် အလုပ်လုပ်ခွင့်ကိုယာယီပိတ်ထားပြီး အာမခံကြေးကို မတိုးမြှင့်ဘဲ စည်းမျဉ်းစည်းကမ်းလိုက်နာမှုမရှိသည့် အေဂျင်စီများကို နိုင်ငံတကာ အမှတ်ပေးစနစ်ပုံစံမျိုးနှင့်  သေသေချာချာပြစ်ဒဏ် ချမှတ်တာမျိုးပြုလုပ်သင့်သည်ဟု  အေဂျင်စီတစ်ချို့က ဝေဖန်ပြောဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly