တောင်တရုတ်ပင်လယ်အရေးတွင် နောက်ဆုတ်လိမ့်မည်မဟုတ်ဟု အမေရိကန်ကို တရုတ်က သတိပေးပြောဆို

တောင်တရုတ်ပင်လယ်အရေးတွင် နောက်ဆုတ်လိမ့်မည်မဟုတ်ဟု အမေရိကန်ကို တရုတ်က သတိပေးပြောဆို

ပေကျင်း၊ ဇန်နဝါရီ ၂၄ ။           ။ တောင်တရုတ်ပင်လယ်အရေးတွင် အမေရိကန်နှင့် နိုင်ငံတကာအကျိုးအမြတ်တို့နှင့် ပတ်သက်ပြီး ထရမ့်အစိုးရ၏ ကာကွယ်ပြောဆိုမှုများ ထွက်ပေါ်လာပြီးနောက် တရုတ်က အငြင်းပွားတောင်တရုတ်ပင်လယ်အရေးတွင် ၎င်း၏ ပိုင်ဆိုင်ကြောင်း အတည်ပြုထားချက်ကို ရုပ်သိမ်းလိမ့်မည်မဟုတ်ကြောင်း အမေရိကန်ကို သတိပေးပြောဆိုသည်။

တောင်တရုတ်ပင်လယ်တွင် တရုတ်က လူလုပ်ကျွန်းများ တည်ဆောက်နေပြီး တစ်ချို့ကျွန်းများက စစ်ရေးအတွက် အသုံးပြုနေဖွယ်ရှိသည်။ အဆိုပါ တရုတ်၏ လူလုပ်ကျွန်းများ တည်ဆောက်ခြင်းနှင့် ပတ်သက်ကာ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ရှောင်စပိုက်ဆာနှင့် ထရမ့်က နိုင်ငံခြားရေးဝန်ကြီးအဖြစ် နာမည်စာရင်းသွင်းထားသူ ရက်စ်တဲလ်လာဆန်တို့၏ မှတ်ချက်ပြုပြောဆိုမှုများ ထွက်ပေါ်လာပြီးနောက် တရုတ်ဖက်က လေသံမာမာဖြင့် ယခုကဲ့သို့ တုံ့ပြန်လာခြင်းဖြစ်သည်။

“တောင်တရုတ်ပင်လယ်ကျွန်းစုတွေရယ် ဆက်စပ်ရေပြင်ရယ်က တရုတ်ရဲ့ အချုပ်အခြာပိုင်ဆိုတာ ငြင်းမရဘူး။”ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဟွာချန်ရင်းက ဇန်နဝါရီ ၂၄ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောလိုက်ပြီး တရုတ်နိုင်ငံအနေဖြင့် နိုင်ငံ၏ အခွင့်အရေးနှင့် အကျိုးစီးပွား လုံခြုံရေးတို့အတွက် တည်ဆောက်ရလိမ့်မည်ဖြစ်ကြောင်း ဖြည့်စွက်ဆိုသည်။

“တောင်တရုတ်ပင်လယ် ပြဿနာဟာ အမေရိကန်နဲ့ ဆိုင်တဲ့ ပြဿနာမဟုတ်ဘူး။”ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

အိမ်ဖြူတော်ပြောခွင့်ရသူ စပိုက်ဆာက တောင်တရုတ်ပင်လယ်တွင် အမေရိကန်၏ အကျိုးစီးပွားကို ကာကွယ်ရေးအတွက် ကျိန်းသေပြုလုပ်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၃ ရက်က ပြောခဲ့ခြင်းဖြစ်သည်။

“အမှန်ပဲ ကျွန်းစုတွေက နိုင်ငံတကာ ရေပိုင်နက်မှာ ရှိပြီး တရုတ်ပိုင်မဟုတ်ဘူးဆိုရင် ကျွန်တော်တို့အနေနဲ့ နိုင်ငံတစ်နိုင်ငံတည်းက အပိုင်စီးထားခြင်းကနေ နိုင်ငံတကာအကျိုးစီးပွားအတွက် ဝင်ရောက်ကာကွယ်ရမှာဖြစ်တယ်။”ဟု စပိုက်ဆာက ဆိုသည်။

ထရမ့်က နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရွေးချယ်ထားသူ ရက်စ်တဲလ်လာဆန်ကလည်း ပြီးခဲ့သည့်သီတင်းပတ်အတွင်းက ပြောခဲ့ရာတွင် စစ်ရေးထိပ်တိုက်တွေ့မှုများ   ဖြစ်လာနိုင်ခြေမြင့်မား၍ တောင်တရုတ်ပင်လယ်ကျွန်းများ တရုတ်အပိုင်ပြုထားခြင်းကို တားမြစ်ရမည်ဖြစ်ကြောင်း ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly