အမှိုက်မှ စွမ်းအင်ထုတ်မည့်စက်ရုံ ဧပြီလတွင် စတင်လည်ပတ်မည်

အမှိုက်မှ စွမ်းအင်ထုတ်မည့်စက်ရုံ ဧပြီလတွင် စတင်လည်ပတ်မည်

ဇန်နဝါရီ ၂၄ ။            ။ အမှိုက်မှ  စွမ်းအင်ထုတ်လုပ်မည့် စက်ရုံမှာ လာမည့် ဧပြီလ အတွင်း စတင်လည်ပတ်နိုင်တော့မည်ဟု ရန်ကုန်မြို့တော်စည်ပင်မှ ဒုတိယဌာနမှူး ဦးဇော်ဝင်းနိုင်က ပြောသည်။

ယင်းစက်ရုံအား ရန်ကုန်မြို့၏ အဓိက အမှိုက်ပုံကြီးနှစ်ပုံဖြစ်သော လှိုင်သာယာမြို့နယ်မှ ထိန်ပင်အမှိုက်ပုံနှင့် မြောက်ဒဂုံမြို့နယ်မှ ထားဝယ်ချောင် အမှိုက်ပုံများမှ အမှိုက်များကို အသုံးပြုကာ စွမ်းအင်အဖြစ်ပြန်လည် ထုတ်လုပ်မည်ဖြစ်သည်။

“အခုဆိုရင် ကျွန်တော်တို့ ဂျပန်နိုင်ငံနဲ့ ပူးပေါင်းပြီးတော့ အမှိုက်ကနေ စွမ်းအင်ထုတ်လုပ်တဲ့ စက်ရုံကို ရွှေပြည်သာမြို့နယ် လှော်ကားလမ်းမှာ တန်၆၀ ကျတဲ့ စက်ရုံတည်ဆောက်နေတာ ရှိပါတယ်။ ဧပြီလမှာ စတင်လည်ပတ်နိုင်တော့မှာပါ။” ဟု ရန်ကုန်မြို့တော်စည်ပင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန၊ ဒုတိယဌာနမှူး ဦးဇော်ဝင်းနိုင်က ပြောသည်။

လက်ရှိတွင် ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း နေ့စဉ် ပျမ်းမျှ အမှိုက်တန်ချိန် ၁၆၅ဝ ခန့် ထွက်ရှိပြီး  သန့်ရှင်းရေးလုပ်သား ၄ဝဝဝ ကျော်ဖြင့် အမှိုက်ပုံး ၈ဝဝဝ ကျော်၊ အမှိုက်လှည်း ၃ဝဝဝ နီးပါး၊ အမှိုက်သိမ်းယာဉ် ၄၅၁ စီးဖြင့် သန့်ရှင်းရေးဆောင်ရွက်လျက်ရှိသည်။

အမှိုက်မှ စွမ်းအင်ထုတ်ရန် ဆောင်ရွက်နေပြီး လက်ရှိတွင် စည်ပင်သာယာမှ အမှိုက်သိမ်းခြင်းအား ညဖက်အပြင် မနက်ပိုင်းပါ သိမ်းဆည်းဆောင်ရွက်ပေးနေကြောင်း သိရသည်။

“မြို့ပေါ်မှာ ပြည်သူလူထုက တစ်နေကုန် အမှိုက်စွန့်ပစ်နေကြတာ။ ဈေးသွားရင်းလည်း အထုတ်ကလေးကိုင် စွန့်ပစ်လိုက်တာပဲ။ အလုပ်ဆင်း၊အလုပ်တက်လည်း ပစ်နေတော့ ကျွန်တော်တို့ဌာနအနေနဲ့ကလည်း ညပိုင်းရှင်းလင်းအောင် သိမ်းဆည်းပြီးပေမယ့် မနက်ပိုင်းမှာ တစ်ကျော့ပြန်သိမ်းရတာလည်း ဆောင်ရွက်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ရန်ကုန်အမှိုက်သိမ်းစနစ်ကို ပုဂ္ဂလိကသို့ လွှဲပြောင်းရန် ပြီးခဲ့သည့်နှစ် မေလက ပြည်သူ့အသံ သဘောထားကောက်ယူခဲ့ရာ အများစုက မပြောင်းလဲလိုသဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ကပင် ဆက်လက်တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly