ယမန်နှစ်က Note 7 ပြဿနာကြံုခဲ့ရသော်ငြားလည်း Samsung ရဲ့ အကျိုးအမြတ်ရရှိမှု ၁၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့

ယမန်နှစ်က Note 7 ပြဿနာကြံုခဲ့ရသော်ငြားလည်း Samsung ရဲ့ အကျိုးအမြတ်ရရှိမှု ၁၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့

ဇန်နဝါရီ ၂၄ ။                ။ တောင်ကိုရီးယားနိုင်ငံရဲ့ အကြီးဆုံးလုပ်ငန်းစုကြီးဖြစ်တဲ့ Samsung Electronics အနေနဲ့ ယမန်နှစ်ထဲမှာ လုပ်ငန်းလည်ပတ်မှု အကျိုးအမြတ် ကိုရီးယားဝမ် ၂၉ ဒသမ ၂ ထရီလီယံ ( ကန်ဒေါ်လာ ၂၅ ဒသမ ၁၄ ဘီလီယံ) ရှိခဲ့တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ယင်းပမာဏဟာလည်း ယခင်အစောပိုင်းတစ်နှစ်နဲ့ နှိုင်းယှဉ်ရင် ၁၀ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့တာလည်း ဖြစ်တယ်လို့ သိရပါတယ်။

ကုမ္ပဏီအနေနဲ့ ယမန်နှစ်ထဲမှာ Galaxy Note 7 ဘထ္ထရီမီးလောင်ပေါက်ကွဲမှု ဖြစ်စဉ်နဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရလို့ ဆုံးရှုံးမှု များခဲ့တယ်ဆိုပေမယ့်လည်း ယခုလို လုပ်ငန်းတစ်ခုလုံးရဲ့ အကျိုးအမြတ် ရရှိမှုပိုင်းမှာတော့ မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ ယင်း Note 7 ပြဿနာကြောင့် ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းထုတ်လုပ်သူရဲ့ ကောင်းခြင်း ဂုဏ်သိက္ခာကိုပါ အထိနာစေခဲ့ရပါတယ်။

ဒါပေမယ့်လည်း ဇန်နဝါရီ ၂၄ ရက်က ကုမ္ပဏီထုတ်ပြန်ချက်တွေအရတော့ ယမန်နှစ်နောက်ဆုံးသုံးလပတ်ထဲမှာတော့ လုပ်ငန်းရဲ့ အကျိုးအမြတ်ရရှိမှုပိုင်းမှာ ၅၀ ရာခိုင်နှုန်းထိ တိုးတက်ခဲ့တယ်လို့ သိရပါတယ်။

တောင်ကိုရီးယားလုပ်ငန်းစုကြီးအနေနဲ့ကတော့ ယင်း Note 7 ပြဿနာကြောင့် အကြီးအကျယ်ထိခိုက်ခဲ့ရချိန်မှာပဲ လုပ်ငန်းအကြီးအကဲဖြစ်သူတွေလည်း အကျင့်ပျက်ခြစားမှုအရှုပ်တော်ပုံမှာ ပါဝင်မှု သံသယနဲ့ စုံစမ်းစစ်ဆေးခံနေခဲ့ရတဲ့ဖြစ်စဉ်နဲ့ပါ ကြုံတွေ့ခဲ့ရပါသေးတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags