အာရှဖလား ခြေစစ်ပွဲ အုပ်စုအနေအထားအရ နောက်တစ်ဆင့်တက်ရန် အခွင့်အရေးရှိဟု မြန်မာနည်းပြချုပ် ဂတ်ဆီိဇီ ပြော

အာရှဖလား ခြေစစ်ပွဲ အုပ်စုအနေအထားအရ နောက်တစ်ဆင့်တက်ရန် အခွင့်အရေးရှိဟု မြန်မာနည်းပြချုပ် ဂတ်ဆီိဇီ ပြော
(ဓာတ်ပုံ - AFC)
 

ဇန်နဝါရီလ ၂၃ ရက်က ယူအေအီးနိုင်ငံ၊ အဘူဒါဘီမြို့မှာ ပြုလုပ်ခဲ့တဲ့ ၂၀၁၉ အာရှဖလားပြိုင်ပွဲ တတိယအဆင့် ခြေစစ်ပွဲ အုပ်စုပွဲစဉ်များ မဲခွဲမှုအရ မြန်မာ လက်ရွေးစင်အသင်းဟာ အုပ်စု (A) မှာ ကာဂျစ္စတန်၊ အိန္ဒိယ၊ မကာအိုအသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အာရှဖလား ခြေစစ်ပွဲ အုပ်စုမဲခွဲမှုရလဒ်အနေအထားအရ မြန်မာအသင်းအနေနဲ့ နောက်တစ်ဆင့်တက်ရန် အခွင့်အရေးရှိနေတယ်လို့ နည်းပြချုပ်ဖြစ်သူ ဂတ်ဆီဇီက ပြောကြားခဲ့ပါတယ်။

"ဒီထက်ခက်ခဲတဲ့ အုပ်စုထဲ ကျနိုင်တာကြောင့် ဒီအုပ်စုအနေအထားကို ကျေနပ်ပါတယ်။ ငယ်ရွယ်တဲ့ ကျနော်တို့အသင်းမှာ နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေးကောင်းတွေ ရှိနေပါတယ်။ ဘယ်အုပ်စုပဲကျကျ လိုအပ်တဲ့ ရမှတ်တွေ နိုင်ပွဲတွေ ရမှ ခြေစစ်ပွဲအောင်မှာဖြစ်လို့ ပိုကြိုးစား အလုပ်လုပ်ကြရပါမယ်။ ကျနော်တို့အာရှဖလား ၂၀၁၉ ယူအေအီးကို ဝင်ခွင့်ရချင်ပါတယ်။ ကြိုးစားသွားမှာပါ။"လို့ နည်းပြ ဂတ်ဆီဇီက ပြောကြားခဲ့ပါတယ်။

တတိယအဆင့် ခြေစစ်ပွဲများကို လာမယ့် မတ်လမှ စတင်ကာ ၂၀၁၈ ခုနှစ် မတ်လအထိ တစ်နှစ်ကြာ ကျင်းပသွားမှာဖြစ်ပြီး အိမ်ကွင်း၊ အဝေးကွင်းပုံစံနဲပ နှစ်ကျော့ယှဉ်ပြိုင် ကစားသွားမှာဖြစ်ပါတယ်။
၎င်းခြေစစ်ပွဲမှာ အုပ်စုတစ်ခုချင်းစီမှ ပထမနှင့် ဒုတိယနေရာ ရပ်တည်နိုင်တဲ့ နှစ်သင်းစီက တိုက်ရိုက်ခြေစစ်ပွဲအောင် ၁၂ သင်းနဲ့ နောက်ဆုံးအဆင့်ပြိုင်ပွဲကို ပူးပေါင်းယှဉ်ပြိုင်ခွင့်ရမှာဖြစ်ပါတယ်။
၂၀၁၉ အာရှဖလားပြိုင်ပွဲရဲ့ တရားဝင်လိုဂိုအမှတ်တံဆိပ်ကိုလည်း ထုတ်ဖော်ပြသသွားခဲ့တယ်လို့ သိရပါတယ်။

တတိယအဆင့် ခြေစ်ပွဲ အုပ်စုခွဲဝေမှု ရလဒ် အပြည့်အစုံ

အုပ်စု (A) မြန်မာ၊ ကာဂျစ္စတန်၊ အိန္ဒိယ၊ မကာအို

အုပ်စု (B) မြောက်ကိုရီးယား၊ ဟောင်ကောင်၊ လက်ဘနွန်၊ မလေးရှား

အုပ်စု (C) ဂျော်ဒန်၊ ဗီယက်နမ်၊ အာဖဂန်နစ္စတန်၊ ကမ္ဘောဒီးယား

အုပ်စု (D) အိုမန်၊ ပါလက်စတိုင်း၊ မော်လ်ဒိုက်၊ ဘူတန်

အုပ်စု (E) ဘာရိန်း၊ တာ့ခ်မင်နစ္စတန်၊ တရုတ် တိုင်ပေ၊ စင်ကာပူ

အုပ်စု (F) ဖိလစ်ပိုင်၊ တာဂျစ်ကစ္စတန်၊ ယီမင်၊ နီပေါ

Ref; Goal, MFF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly