မျိုးကိုကိုစန်းကို အမှုဖွင့်သူများ တစ်ပတ်အတွင်း ပြန်တောင်းပန်ရန် သူ့မိခင် ပြော

မျိုးကိုကိုစန်းကို အမှုဖွင့်သူများ တစ်ပတ်အတွင်း ပြန်တောင်းပန်ရန် သူ့မိခင် ပြော
ဓာတ်ပုံ-သက်ကို

ပုဒ်မ ၆၆ (ဃ)နှင့် တရားစွဲ အမှုဖွင့် အဖမ်းဆီးခံခဲ့ရသည့် အလှမယ် မျိုးကိုကိုစန်းအား နစ်နာအောင်ပြုလုပ်ခဲ့သောသူများမှ နိုင်ငံပိုင်သတင်းစာမှ ပြန်လည်တောင်းပန်ရန် သူ၏ မိခင်က ယနေ့ သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများကို ပြောသည်။

ရုပ်ရှင်သရုပ်ဆောင် ဝတ်မှုန်ရွှေရည်က ဖေ့ဘွတ်ပေ့ချ်တစ်ခုကို  ဆက်သွယ်ရေးဥပဒေဖြင့် တိုင်ကြားပြီးနောက်ပိုင်း ဂေးအလှမယ် မျိုးကိုကိုစန်းအား ဇန်နဝါရီ ၁၇ ရက်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၎င်းတို့အနေဖြင့် တိုင်ကြားသူ မည်သူမည်ဝါဖြစ်ကြောင်း သိရှိရပြီးမှသာ ထိုတရားစွဲသူမှ သိရှိပြီး တစ်ပတ်အတွင်း နိုင်ငံပိုင်သတင်းစာများမှ တောင်းပန်စေချင်ကြောင်း သူ့မိခင်က ပြောသည်။

"မျိုးကိုကိုစန်းကို နစ်နာအောင်လုပ်တဲ့သူတွေဘက်ကနေပြီးတော့ မျိုးကိုကိုစန်းဟာ လုံးဝအပြစ်ကင်းစင်ကြောင်းကို နိုင်ငံတော်ပိုင်သတင်းစာတွေကနေပြီးတော့ တရားဝင်တောင်းပန်တာကို ကျွန်မအနေနဲ့ လိုချင်ပါတယ်။ အဲ့ဒါမှလည်း ကျွန်မအနေနဲ့ ကျေနပ်မှာပါ" ဟု မျိုးကိုကိုစန်း၏မိခင် ဒေါ်သန်းသန်းအေးက ပြောခဲ့သည်။

ဇန်နဝါရီ ၂၀ရက် နံနက်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာသည့် မျိုးကိုကိုစန်းက   ရှေ့ဆက်ပြီး ဘာဆက်လုပ်မည် ဆိုသည်ကို မစဉ်းစားရသေးကြောင်း  ယနေ့(ဇန်နဝါရီ)က ရန်ကုန်မြို့ Orchid ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့သည်။

"ဘယ်သူမှန်တယ် ဘယ်သူမှားတယ်ဆိုတာကိုတော့ ညီမအနေနဲ့ သေချာမသိဘူး။ဘယ်သူ့ကို တရားစွဲရမယ်ဆိုတာကလည်း ဘာမှ သေချာမစဉ်းစားရသေးဘူး။ ညီမရဲ့ အုပ်ထိန်းသူတွေ၊ညီမရဲ့ ဥပဒေအကြံပေးတွေသေသေချာချာတိုင်ပင်မယ်။တိုင်ပင်ပြီးမှပဲ ပြန်ဆုံးဖြတ်မယ်" ဟု ၆၆ (ဃ) ဖြင့် တရားစွဲ ခံခဲ့ရသော မျိုးကိုကိုစန်းက ဖြေကြားခဲ့သည်။

မျိုးကိုကိုစန်း၏ မိတ်ဆွေ ရှင်းသန့်က အာမခံမရသည့် ပုဒ်မ၆၆(ဃ)နှင့် ပတ်သက်၍ အဲဒီပုဒ်မကို ပိုပြီး ကျစ်ကျစ်လစ်လစ် ဖြစ်အောင်လုပ်သင့်ကြောင်း ပြောခဲ့ပါသည်။

"၆၆(ဃ)ကတော့ မရှိသင့်ဘူးလည်းမဟုတ်ဘူး။ရှိသင့်တယ်လည်း မဟုတ်ဘူး။ တိကျပြီး သက်သေသက္ကာရ ခိုင်လုံတဲ့ by name နဲ့ ကျွန်မ ဒီလူက ဒီလို လုပ်တယ်ဆိုတာမျိုးပဲ   ဖြစ်သင့်တယ်။ အခု ဖေ့ဘွတ်ဆိုတာ အကောင့်ပေါင်းများစွာ လုပ်နိုင်တယ်။ပုံဆိုတာလည်း တင်လို့ရတယ်။ ဒါတွေကို ၆၆(ဃ)ဆက်ထားမှာလား။ဆက်ထားမယ်ဆိုရင် ကျစ်လစ်သေချာတိကျတဲ့ ပုဒ်မမျိုးဖြစ်စေချင်တယ်။ မဟုတ်ရင် ဖျက်၊ဒါမှမဟုတ်ရင် ပြင်၊ ဒါက နိုင်ငံတော်က လုပ်ရမယ့်အလုပ်"ဟု LGBT အရေးလှုပ်ရှားသူ မရှင်းသန့်က ဝေဖန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly