မက္ကဆီကို ခရီးသွားမြို့တွင် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည့် ရုပ်အလောင်း ၁၂ လောင်းတွေ့ရှိ၍ အာဏာပိုင်များ စစ်ဆေးနေ

မက္ကဆီကို ခရီးသွားမြို့တွင် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည့် ရုပ်အလောင်း ၁၂ လောင်းတွေ့ရှိ၍ အာဏာပိုင်များ စစ်ဆေးနေ

ဇန်နဝါရီ ၂၃ ။            ။ မက္ကဆီကိုနိုင်ငံ၏ နာမည်ကျော်ကမ်းခြေအပန်းဖြေမြို့ဖြစ်သည့် Manzanillo တွင် ယခုသီပတ်ကုန်အတွင်းက ဦးခေါင်းမပါ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည့် အလောင်းခုနစ်လောင်းအပါအဝင် ရုပ်အလောင်း ၁၂ လောင်း တွေ့ရှိခဲ့၍ တာဝန်ရှိသူများက စစ်ဆေးနေလျက်ရှိကြောင်း သတင်းတစ်ရပ်တွင်ဖော်ပြထားသည်။

လက်ရှိအခြေအနေအရ ယင်းအလောင်းများမှာ နိုင်ငံတွင် မကြာခဏဖြစ်ပွားတတ်သည့် မူးယစ်ဂိုဏ်ဂဏတိုက်ပွဲများအတွင်း ပါဝင်ကာ သတ်ဖြတ်ခံရသူများဖြစ်နိုင်ကြောင်း တာဝန်ရှိသူများက   ကောက်ချက်ချထားသည်။

အဆိုပါ ရုပ်အလောင်းများ တွေ့ရှိသည့်သတင်းကြောင့်လည်း အမေရိကန်နိုင်ငံသားများအပါအဝင် အခြားနိုင်ငံခြားခရီးသွားများဖြင့် စည်ကားရာ ယင်းမြို့အတွက် ထိတ်လန့်စရာဖြစ်စေခဲ့ရသည်။

ရုပ်အလောင်း ခုနစ်လောင်းကို ဇန်နဝါရီ ၂၁ ရက်အစောပိုင်းက လမ်းမတစ်ခုတွင် ရပ်ထားသော တက္ကစီတစ်စီးပေါ်မှ တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

တွေ့ရှိရသော အလောင်းများမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် ခုတ်ထစ်ခံထားရပြီး အမျိုးသမီးအလောင်းတစ်လောင်းလည်း ပါဝင်ကြောင်း ယင်းမြို့မှ ရဲမှူးချုပ် ကားလို့စ် ဟာရီဒီယာက ပြောသည်။

 ယာဉ်ပေါ်တွင်မူ နိုင်ငံတွင် ပိုမိုထကြွလာနေသော မူးယစ်ဂိုဏ်းတစ်ခုဖြစ်သည့် Jalisco New Generation က လက်မှတ်ထိုးထားသည့် စာတစ်စောင်တွေ့ရကြောင်းလည်း ၎င်းက ပြောသည်။

ဇန်နဝါရီ ၂၂ ရက်တွင်လည်း သစ်တောစပ်တစ်ခုတွင် အပေါ်ပိုင်းအဝတ်ဗလာ ရုပ်အလောင်းငါးလောင်း ထပ်တွေ့ထားသေးကြောင်း ရဲအရာရှိတစ်ဦးက ပြောထားသည်။ အဆိုပါ အလောင်းများတွင် ညှင်းပန်းနှိပ်စက်ခံထားရသည့် လက္ခဏာရပ်များတွေ့ရပြီး Jalisco New Generation အဖွဲ့၏လက်မှတ်ပါသော အစိမ်းကတ်နှစ်ကဒ်ပါ တွေ့ရကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

ယခုအခါ ယင်းရုပ်အလောင်းများ၏ လက်သည်တရားခံ အဆိုပါ ဂိုဏ်းဟုတ်မဟုတ် အတိအကျ ဖော်ထုတ်သွားမည်ဖြစ်ကြောင်း Colima ပြည်နယ် ရှေ့နေချုပ်က ထုတ်ပြန်ပြောကြားထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၆၊ ၁၇ ရက်များကလည်း Manzanillo မြို့တွင် ပစ်ခတ်မှုသုံးကြိမ်ဖြစ်ပွားခဲ့ပြီး လူခြောက်ဦး ပစ်သတ်ခံထားရသေးကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly