ဂမ်ဘီယာသို့ အနောက်အာဖရိကတပ်များ ဝင်ရောက်၊ ဂျာမေး ပြည်ပထွက်ခွာခြင်းနှင့်အတူ နိုင်ငံတော်ဘဏ္ဍာ ကန်ဒေါ်လာ ၁၁ သန်း ပျောက်ဆုံးနေ

ဂမ်ဘီယာသို့ အနောက်အာဖရိကတပ်များ ဝင်ရောက်၊ ဂျာမေး ပြည်ပထွက်ခွာခြင်းနှင့်အတူ နိုင်ငံတော်ဘဏ္ဍာ ကန်ဒေါ်လာ ၁၁ သန်း ပျောက်ဆုံးနေ

ဘန်ဂျူ၊ ဇန်နဝါရီ ၂၃ ။             ။ ဂမ်ဘီယာသမ္မတ ယာဟာဂျာမေးက နိုင်ငံတွင်းမှ ထွက်ခွာသွားပြီဖြစ်ကာ နိုင်ငံတွင်းသို့ အနောက်အာဖရိကတပ်ပေါင်းစုတပ်များ ဝင်ရောက်လာပြီဖြစ်၍ ပြည်သူများက ပွဲသဘင်များ ကျင်းပကာ ကြိုဆိုကြသည်။

ရွေးကောက်ပွဲရှုံးနိမ့်သည့် ဂျာမေးသည် အစောပိုင်းက ရာထူးက မဆင်းပေးဘဲ ပေခံနေခြင်းကြောင့် အိမ်နီးချင်းနိုင်ငံများက ဖိအားပေးကာ ဝင်ရောက်ဖြေရှင်းခဲ့ရသည်။

စေ့စပ်ညှိနှိုင်းမှုများ လုပ်ဆောင်ပြီးနောက် ဂျာမေးက ရာထူးကဆင်းပေးပြီး ပြည်ပထွက်ခွာရန် သဘောတူခဲ့ကာ ယခုတွင် အမှန်တကယ်ထွက်ခွာပြီဖြစ်သည်။ ဂျာမေးအနေဖြင့် အီကွေတောဂီနီနိုင်ငံတွင်   ရောက်ရှိနေပြီဟု သတင်းများ ကြားသိရသော်လည်း အာဏာပိုင်တာဝန်ရှိသူများက အတည်မပြုပေ။

ဂမ်ဘီယာရွေးကောက်ပွဲတွင် အနိုင်ရသော သမ္မတသစ် ဘာရိုးက ဆီနီဂေါနိုင်ငံတွင် ရောက်ရှိနေကာ မည်သည့်အချိန် နိုင်ငံသို့ ပြန်လာမည်ကို မသိရသေးပေ။

သို့သော်လည်း ဘာရိုး နိုင်ငံတွင်း ဝင်ရောက်ချိန်ကို ကြိုဆိုအသင့်ရှိရန် မြို့တော် ဘန်ဂျူသို့ အနောက်အာဖရိကတပ်များ ရောက်ရှိနေခြင်းဖြစ်သည်။ နိုင်ငံတော်အိမ်ရာအပြင်ဖက်တွင် လုံခြုံရေးယူထားသော အနောက်အာဖရိကတပ်များကို လူထုက လာရောက်ကြည့်ရှုကာ ကောင်းချီးပေးကြသည်။

ကာလရှည်အာဏာယူထားသည့် ဂျာမေး နိုင်ငံတွင်းက ထွက်ခွာခြင်းနှင့်အတူ နိုင်ငံတော်ဘဏ္ဍာ အမေရိကန်ဒေါ်လာ ၁၁ သန်းကျော် ပျောက်ဆုံးနေကြောင်း သမ္မတသစ်ဘာရိုး၏ အကြီးတန်း အကြံပေးဖြစ်သူ မေးဖတ်တီက ဆိုသည်။

ဂျာမေးက ဇန်နဝါရီ ၂၁ ရက် ညပိုင်းတွင် ပြည်ပသို့ထွက်ခွာခြင်းဖြစ်ပြီး ကုန်တင်လေယာဉ်ပေါ် အဖိုးတန်တန်ဖိုးကြီးကားများအပါအဝင် အခြားပစ္စည်းဝန်တာများ သယ်ဆောင်သွားသည်ကို တွေ့ရသည်။

ဂမ်ဘီယာနိုင်ငံက ဘဏ္ဍာရေးချောက်ထဲ ထိုးကျနေပြီဟု ဆီနီဂေါတွင် သတင်းထောက်များအား မေးဖတ်တီက ပြောသည်။

"နိုင်ငံတော်ဘဏ္ဍာတိုက်က အခွံသက်သက် ဖြစ်လုနီးပါး အခြေအနေပါပဲ။"ဟု ၎င်းက ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly