ချင်းတွင်းမြစ်အတွင်း ရေယာဉ်အရေအတွက် နှင့် အမြန်ရေယာဉ်မောင်းနှင်သူဦးရေ မမျှတဟုဆို

ချင်းတွင်းမြစ်အတွင်း ရေယာဉ်အရေအတွက် နှင့် အမြန်ရေယာဉ်မောင်းနှင်သူဦးရေ မမျှတဟုဆို
ချင်းတွင်းမြစ်အတွင်းရှိရေယာဉ်များကို တွေ့ရစဉ်။

မုံရွာ၊ ဇန်နဝါရီ ၂၂။              ။ ချင်းတွင်းမြစ်အတွင်းပြေးဆွဲနေသော အမြန်ရေယာဉ်အရေအတွက်နှင့် အမြန်ရေယာဉ်မောင်းနှင်သူ(ဆလင်) ဦးရေ မျှတမှုမရှိဖြစ်နေကြောင်း ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေး ကော်မတီမှသိရသည်။

အမြန်ရေယာဉ်မောင်းနှင်သူ(ဆလင်) အရေအတွက်သည် ၁၀၀ ကျော်ခန့်သာရှိပြီး စက်လှေအရေအတွက် ၆၀၀ ကျော်ရှိနေ ကြောင်း ၎င်းကော်မတီမှ ရုံးအဖွဲ့မှူး ဦးသောင်းညွှန့်က မဇ္ဈိမသို့ပြောသည်။

ယင်းသို့ ဆလင်ဦးရေမျှတမှုမရှိသည့် အတွက် အမြန်ရေယာဉ်တချို့တွင် ရေယာဉ်အုပ်လက်မှတ်နှင့် လုပ်ငန်းလိုင်စင်ကွာဟမှုများလည်း ရှိနိုင်ကြောင်း ၎င်းကပြောသည်။

ရေယာဉ်မောင်းနှင်သူများသည် လက်မှတ်မရှိဘဲမောင်းနှင်ခြင်းမဟုတ်ဘဲ ရေယာဉ်အမည်နှင့် ရေယာဉ်အုပ်လက်မှတ် တိုက်ဆိုင်မှုမရှိခြင်းဖြစ်နိုင်ကြောင်း အဆိုပါကော်မတီမှသုံးသပ်သည်။

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ရေယာဉ်မောင်းနှင်သူများအား သင်တန်းပေးရာတွင် တစ်ကြိမ်သာပေးခဲ့ဖူးပြီး တက်ရောက်သူမှာ အနည်းငယ်သာရှိကြောင်း၊ အမြဲသင်တန်းပေးနေပါက ရေယာဉ်အုပ်လက်မှတ်နှင့် ရေယာဉ်အမည်တို့ လွဲမှားမှုမဖြစ်နိုင်ကြောင်း အမည်မဖော်လိုသူ ရေယာဉ်ပိုင်ရှင်တစ်ဦးက ပြောသည်။

ဇန်နဝါရီ ၁၁ ရက်က လိုင်စင်သက်မှတ်ချက် များလွဲမှားပြီး ရေယာဉ်မောင်းနှင်ခဲ့သည့် အတွက် အဆိုပါ ရေယာဉ်မောင်းနှင်သူများ အား ကနီမြို့မရဲစခန်းတွင် အမှုဖွင့်ထားမှုများလည်း ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly