မြန်မာ့ရေထွက်ကုန်ပစ္စည်း ပြည်ပတင်ပို့တဲ့လုပ်ငန်း တစ်စစ ကျဆင်းလာနေတာကို ဘယ်လို ကုစားမလဲ

မြန်မာ့ရေထွက်ကုန်ပစ္စည်း ပြည်ပတင်ပို့တဲ့လုပ်ငန်း တစ်စစ ကျဆင်းလာနေတာကို ဘယ်လို ကုစားမလဲ

မြန်မာပို့ကုန်ကဏ္ဍအတွက် ပြည်ပ ဝယ်လက်တွေကနေ ရရှိမယ့် ပို့ကုန်အထူးသက်သာခွင့်-GSP ကို ဥရောပနိုင်ငံတွေနဲ့ အမေရိကန်ဘက်ကရရှိထားပြီးဖြစ်ပေမယ့် ပြည်တွင်းလုပ်ငန်းတွေအနေနဲ့ ထင်သလောက် ပို့ကုန် တိုးမြှင့်ရရှိခြင်းမရှိဘူးလို့ သိရပါတယ်။ အဲဒိထဲကမှ ရေထွက်ကုန်ပစ္စည်း ပြည်ပတင်ပို့တဲ့ လုပ်ငန်းတွေမှာလည်း နိုင်ငံခြား ဝင်ငွေ လျှော့ကျလာတာတွေလည်းရှိလာနေပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ဥရောပနိုင်ငံတွေဆီကနေပို့ကုန်အခွန် အထူးသက်သာခွင့်-GSP ကို ၂၀၁၃ ခုနှစ်မှာတစ်ခါ..အမေရိကန်ဆီကနေ ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းမှာတစ်ခါ ရရှိခဲ့တာဖြစ်ပါတယ်။ လက်ချိုးရေလို့ ရတဲ့ မြန်မာ့ပို့ကုန်ကဏ္ဍအတွက် ဒီအခွင့်အရေးဟာ ဆုလာဒ်တစ်ခု ဖြစ်ပေမယ့် လက်တွေ့ဆန်တဲ့ အောင်မြင်မှုမျိုးဆိုတာက ပြဿနာမျိုးစုံနဲ့ ရင်ဆိုင်နေရဆဲအခြေအနေဖြစ်ပါတယ်။

ဒီအခြေအနေနဲ့ ပတ်သတ်ပြီး မြန်မာနိုင်ငံငါးမွေးမြူရေးနဲ့ ရေထွက်ပစ္စည်း ပြည်ပတင်ပို့တဲ့ လုပ်ငန်းတွေကို ဆက်သွယ်မေးကြည့်တဲ့ အခါ မှာလည်းမွေးမြူရေးဘက် ကျဆင်းလာတာတွေ ဥရောပနိုင်ငံတွေကို တင်ပို့နိုင်တဲ့ငါအရည်အသွေးမျိုးမွေးမြူနိုင်ခြင်းမရှိတဲ့အပြင် ငါး၊ ပုဇွန် သံယံဇာတရှားပါးလာတဲ့အတွက် အဲဒိဈေးကွက်တွေကို သိသိသာသာတင်ပို့မှု တိုးတက်လာခြင်းမရှိဘူးလို့ အခုမေးမြန်းထားတဲ့ လုပ်ငန်းရှင်တစ်ဦးက ပြောပြပါတယ်။

"နိုင်ငံတော်ကနေ ၁၀ရာခိုင်နှုန်းအခွန်ရှိတယ် အီးယူဘက်ကိုပို့လို့ရှိရင် ၁၃.၇ ရာခိုင်နှုန်းအခွန်ရှိတယ်။ အကုန်ပေါင်းရင် ၂၃.၇ ရာခိုင်နှုန်းအခွန်ရှိနေတာတောင်မှ ရေလုပ်ငန်းတွေကရအောင်ပို့တယ်ပေါ့နော် ပို့ပြီးတဲ့ကာလမှာ ခုဏလိုမျိုး အီးယူဘက်က ၁၃.၇ ကိုလွှတ်လိုက်တယ်ပေါ့နော်။ လွှတ်လိုက်တဲ့အချိန်မှာတိုးပြီးပို့နိုင်သလားဆိုတော့ မပို့နိုင်ဘူးမပို့နိုင်ဘူးဆိုတာ ကိုယ့်နိုင်ငံမှာကိုက ငါးပုဇွန်တွေကရှားပါးလာတဲ့ အနေထားဖြစ်တဲ့အတွက်ကြောင့် တိုးပြီးမပို့နိုင်တာပေါ့နော်" လို့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌဖြစ်သူ အဏ္ဏဝါဒေဝီငါးအသားလွှာ ပြုပြင်ထုတ်လုပ်သည့် လုပ်ငန်းရဲ့ ဥက္ကဋ္ဌ ဒေါ်တိုးနန္ဒတင်က ပြောပါတယ်။

၂၀၁၃ ခုနှစ် ပို့ကုန်အခွန်အထူးသက်သာခွင့်- GSP မရခင်ကအဲဒိက နိုင်ငံတွေ ကိုကုန်ပစ္စည်းတင်ပို့မယ်ဆိုရင် ဝယ်လက်တွေက အခွန် ၁၃.၇ ရာခိုင်နှုန်းပေးဆောင်ရတာဖြစ်ပါတယ်။ ဒါပေမယ့် ဖွံ့ဖြိုးမှု နိမ့်ပါးဆဲ LDC စာရင်းဝင် မြန်မာ နိုင်ငံအတွက် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် စတင်ခဲ့တဲ့ အရင် ၅ နှစ်ကျော်ကနေစပြီး GSP က ပို့ကုန်ကဏ္ဍအတွက် အခွင့်အရေးဖြစ်ခဲ့ပေမယ့် အဲဒိအခွင့်အရေးကိုမိမိရရဆုပ်ကိုင် ထားနိုင်ခြင်းမရှိခဲ့ပါဘူး။

ဘာကအရေးကြီးဆုံးဖြစ်နေပါသလဲ…? မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်ရဲ့ အကြီးတန်းဒုတိယဥက္ကဋ္ဌ ဦးနှင်းဦးက ပြောပြထားပါတယ်။

"နံပါတ်တစ် အကြီးဆုံးနဲ့ အခြေခံကတော့ ဒီဥစ္စာထဲမှာထည့်ပြီးတော့ ရင်းနှီးမြှပ်နှံရမှာပေါ့နော်၊ရင်းနှီးမြှပ်နှံဖို့ငွေလိုတာပေါ့၊ဒီရင်းနှီးမြှပ်နှံမှုထုတ်လုပ်မှ ကျတော်တို့ကကုန်ကြမ်းကထွက်မှာကုန်ကြမ်းထွက်တော့မှ ကျတော်တို့ကအဲကုန်ကြမ်းကိုကုန်ချောပြုပြင်ပြီး Value addedလုပ်ပြီးတင်ပို့တာပေါ့နော် အဲမှာလုပ်တဲ့ ထုတ်လုပ်မှုလိုင်းတခုလုံးအီးယူကအသိမှတ်ပြုဖြစ်ရမယ် မွေးမြူရေးကစပြောမယ်ဆိုရင် သူတို့ လက်ခံနိုင်တဲ့ ဒက်ဖ်မော်နီတာရင်းစစ်စတန်ပေါ့နော်။"

ရေထွက်ကုန်တွေ အခုထက်ပိုပြီးတင်ပို့နိုင်ဖို့အတွက် နည်းပညာအခက်အခဲနဲ့ငွေကြေးအခက်ခဲတွေကအခုထိရှိနေသေးတာပါ။
နောက်ပြီးမွေးမြူရေးဘက်မှာမွေးမြူတာကိုအဓိကထားဦးစားပေးမလုပ်နိုင်ပဲနဲ့ ဖမ်းလို့ရတာတွေကိုပဲတင်ပို့နေရတဲ့ အခြေနေပါ။ နောက်တစ်ချက်က မြန်မာနိုင်ငံမှာမွေးမြူရေးအထောက် အကူပြု သားဖောက်စခန်းတွေ လိုအပ်ချက်ကို ဖြည့်တင်းပေးရမှာဖြစ်တယ်လို့ လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာတိုးနန္ဒာတင်က ပြောပြထားပါသေးတယ်။

"မြန်မာနိုင်ငံမှာ ကြည့်ရင် GAQPလို့ခေါ်တဲ့ စံနှုန်းမှီသားပေါက်စခန်းတခုမှ မရှိပါဘူး။ မရှိတဲ့အတွက် သားဖောက်စခန်းတွေကို ဖွံ့ဖြိုးတိုးတက်အောင် နိုင်ငံတော်မှာအလုပ်မဖြစ်တဲ့ သားဖောက်စခန်းတွေကို ခုဏပုဂ္ဂလိကနဲ့ ပေါင်းပြီးတော့ စံနှုန်းမှီတဲ့ သားဖောက်စခန်းဖြစ်အောင် ပထမဆုံးအဆင့်လုပ်ရပါမယ် အဲလိုလုပ်ပြီးလို့ သားဖောက်စခန်းရယ်ဒီ ဖြစ်ရင် SPF လို့ခေါ်တဲ့ ရောဂါကင်းစင်တဲ့မျိုးငါးတွေ၊ မျိုးပုဇွန်တွေ ရအောင်လုပ်ရမှာပါ။" လို့ ဒေါ်တိုးနန္ဒာတင်က ပြောပါတယ်။

လက်ရှိအချိန်မှာဥရောပဈေးကွက်တွေကလက်ခံနိုင်တဲ့ အသိအမှတ်ပြု ရေထွက်ကုန်ပစ္စည်း ပြုပြင် ထုတ်လုပ်တဲ့ စက်ရုံပေါင်း ၁၉ ခုလောက်ပဲရှိတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်မှာရေထွက်ကုန်ပစ္စည်း ပြည်ပတင်ပို့မှုက အမေရိကန်ဒေါ်လာငါးရာ့လေးသန်း(၅၀၄) ဝင်ငွေရှိခဲ့တယ်လို့တော့ သိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ၂၀၁၃ခုနှစ်တုန်းကအမေရိကန်ဒေါ်လာသန်း ၆ ရာကျော် အထိရရှိခဲ့တယ်ဆိုပေမယ့် နောက်ပိုင်းမှာတော့ ဆက်တိုက်ဆိုသလိုအကျဘက်မှာပဲဦးတည်ခဲ့ပါ။ လုပ်ငန်းရှင်တွေအနေနဲ့ အစိုးရရဲ့ ပံ့ပိုးမှုနဲ့အတူရေထွက်ကုန်ပစ္စည်းကဏ္ဍကိုမွေးမြူရေးအပိုင်းကိုပါ တွင်တွင်ကျယ်ကျယ်လုပ်ကိုင်မယ်ဆိုရင် ဥရောပဈေးကွက်တစ်ခုထဲတင် နှစ်စဉ် အမေရိကန် ဒေါ်လာ ၁ ဘီလီယံဖိုးလောက် တင်ပို့နိုင်ဖို့ မျှော်လင့်ထားကြတာလည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly