၁၀နှစ်ကျော် ပို့ကုန် ကျဆင်းလာတဲ့ ကြိမ်၊ ဝါးလုပ်ငန်း အမှာစာတွေတိုးလာ

၁၀နှစ်ကျော် ပို့ကုန် ကျဆင်းလာတဲ့ ကြိမ်၊ ဝါးလုပ်ငန်း အမှာစာတွေတိုးလာ

အခုအစိုးရသစ်လက်ထက် မြန်မာကနေတင်ပို့တဲ့ ပို့ကုန် ပစ္စည်းတွေအတွက် အမေရိကန်ဝယ်လက်တွေ ကနေပို့ကုန် အခွန် အထူးသက်သာခွင့် GSP ပြန်လည်ပေးအပ်မယ်လို့   ကြေညာခဲ့တဲ့   အောက်တိုဘာလနဲ့ နိုဝင်ဘာလတွေမှာ အဲဒီလုပ်ငန်းတွေအနေနဲ့ အမှာစာနဲ့ စုံစမ်းမေးမြန်းတာတွေ တိုးတက်လာတယ်လို့ မြန်မာနိုင်ငံ ကြိမ်ဝါးလုပ်ငန်းရှင် များအသင်းကနေသိရပါတယ်။

လုပ်ငန်းရှင်တွေအနေနဲ့ ၂၀၁၇ ခုနှစ်ထဲမှာပို့ကုန် ပိုတိုးပြီးတင်ပို့နိုင်ဖို့ မျှော်လင့်ထားပြီး အစိုးရဝန်ကြီးဌာနတွေရဲ့ ပံ့ပိုးမှုကောင်းကောင်းလိုအပ်နေတယ်လို့ ပြောဆိုကြပါတယ်။

အရင် ၁၀ နှစ်ကျော် ၁၂ နှစ်ကျော် အချိန်တုန်းကနေစပြီးမြန်မာနိုင်ငံရဲ့ ကြိမ်နဲ့ ဝါးအချောထည်လုပ်ငန်းကနေ နိုင်ငံခြားတင်ပို့မှု ဝင်ငွေ ကျဆင်းလာခဲ့ပါတယ်။ ပြောရရင်တော့ အဲဒိနှစ်တွေအတွင်းမှာ   ပြည်ပတင်ပို့မှုကျဆင်းခဲ့ပြီးဒီဘက်နှစ်တွေမှာတစ်နှစ်ကိုအမေရိကန်ဒေါ်လာ ၂ သန်းကျော်ဖိုးလောက်ပဲတင်ပို့နိုင်တော့တာဖြစ်ပါတယ်။ အခုတော့ ကြိမ်ဝါးအချောထည်လုပ်ငန်းတွေအတွက်   ပြန်လည်ဦးမော့လာမယ့် အခြေအနေတစ်ချို့တော့ ဖြစ်ပေါ်လာပြီးအမေရိကန်ရဲ့ ပို့ကုန်အခွန်အထူးသက်သာခွင့် GSP ပြန်လည်ရရှိခဲ့တဲ့ ၂၀၁၆ ခုနှစ် အောက်တိုဘာနဲ့ နိုဝင်ဘာလ   နောက်ပိုင်းဒီလုပ်ငန်းတွေမှာအမှာစာနဲ့ စုံစမ်းမေးမြန်းလာတာဟာ ၂၅ ရာခိုင်နှုန်းလောက်အထိရှိလာတယ်လို့ ကြိမ်ဝါးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်သူကပြောပြလာပါတယ်။

"ဒီ ၂၀၁၆ အလယ်ပိုင်းကနေပြီးအခု ၂၀၁၇ ရောက်လာပြီ ၂၁၀၆ တခုလုံးမှာလဲ export တော့တက်တော့ တက်လာပါတယ် ဒီ ၁၅ -၂၀- ၂၅ ရာခိုင်နှုန်းအဲလောက်တော့ ကြိမ်နဲ့ ဝါးနဲ့ လုပ်ငန်းတွေမှာတေ့ ပို့ကုန်အတွက်..နောက်ပြီးတော့ အမှာစာတွေ..စုံစမ်းမေးမြန်းလာတာတွေပိုတော့များလာတယ်။" လို့ ဦးကျော်သူက ပြောပါတယ်။

ဒါပေမယ့် ဒီလုပ်ငန်းတွေထဲမှာတော့ လက်ရှိအချိန်အထိတိုက်ရိုက် ဈေးကွက် ရှိသေးတာမဟုတ်ဘဲ တတိယ ကြားခံလူကိုမှီခိုလုပ်ကိုင်နေရတာဖြစ်ပါတယ်။

တစ်ဘက်မှာလည်းလုပ်ငန်းတိုးတက်ဖို့ ဝန်ကြီးဌာနအချင်းချင်းချိတ်ဆက်မှု အားနည်းတာတွေ အစိုးရကဏ္ဍတွေမှာလိုတာထက်ပိုပြီး သအချိန်ပေးနေရတာတွေကအခုထက်ရှိနေတုန်းလို့တော့ သိရပါတယ်။

"သစ်တောနဲ့ ပတ်သက်တဲ့ စာရွက်စာတန်းတွေဆိုတော့ လက်မှုထည်ဖြစ်သွားရင် ဘယ်သူမှမတောင်းဘူး၊ဘယ်နိုင်ငံမှ မတောင်းဘူးကျတော်တို့ တိုင်းပြည်ပဲတောင်းနေတာအဲ့အတွက်ကျတေ်ာတို့ အကုန်အကျတွေ အရမ်းများနေတာနောက်ပြီးတော့ အစိုးရကဒီလိုမျိုးလက်မှုထည်ပစ္စည်းနဲ့ အိတ်စပို့လုပ်ရင် မက်လုံးပြန်ပေးတယ်ဗျ ၆ % ၈ %စသည်ဖြင့် တရုတ်ဖြစ်ဖြစ် ဗီယက်နမ်ဖြစ်ဖြစ် ယိုးဒယားဖြစ်ဖြစ် အလိုမျိုးတွေ အရင်တုန်းကပို့ကုန် ဦးစားပေးတဲ့အချိန်တုန်းကသူတို့ အဲဒါတွေ ပြန်ပေးခဲ့တယ်ဗျ ကျတော်တို့က ၂% ဆောင်နေရတယ်။" လို့ ကြိမ်ဝါးအချောထည်လုပ်ငန်းရှင် ဦးသောင်းအေးက မဇ္ဈိမကိုပြောပါတယ်။

၁၉၉၅ ခုနှစ်နဲ့ ၂၀၀၅ ခုနှစ်အတွင်းတုန်းက ဒီကြိမ်ဝါးပို့ကုန်ကဏ္ဍက ရွှေတခေတ်ဖြစ်ခဲ့လို့တော့ လုပ်ငန်းရှင်တွေကပြောပါတယ်။ အခုအစိုးရသစ်တက်လာပြီးချိန်မှာလည်း မြန်မာ့ပို့ကုန်ကဏ္ဍတိုးမြင့်သွားဖို့ လုပ်ငန်းရှင် တွေကမျှော်လင့်နေသလိုအစိုးရရဲ့ အားပေးမှုတွေကိုမျှော်လင့်နေကြတာ ဖြစ်ပါတယ်။

"ဒီအစိုးရပြောင်းသွားပေမယ့်လို့ အပေါ်ပိုင်းပေါ့နော် ဝန်ကြီးဌာနတွေ ဝန်ကြီးတွေနဲ့ အပေါ်ပိုင်းတွေပြောင်းသွားတယ်။ လွှတ်တော်ပြောင်းသွားတယ် ဆိုပေမယ့်လို့ ဒီဌာနဆိုင်ရာဝန်ထမ်းပိုင်းတွေမှာတော့ အရင်အဖွဲ့စည်းပဲရှိသေးတယ် ရှိသေးတဲ့အခါကြတော့ မူလပရိုစီဂျာအတိုင်းပဲပြောင်းလဲဖို့ လိုသေးတာတွေအများကြီးရှိသေးတယ်။" ကြိမ်ဝါးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်သူကထောက်ပြပြောဆိုပါတယ်။

၁၉၉၅ နဲ့ ၂၀၀၅ ခုနှစ်ကြားမှာ ကြိမ်ဝါးလုပ်ငန်းအတွင်း ပို့ကုန် ကုမ္ပဏီပေါင်း ၃၀ လောက်ရှိခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ လုပ်ငန်းပေါင်းတစ်ဆယ် ကျော်လောက်ပဲရှိတော့တာဖြစ်ပါတယ်။

ဒါကြောင့် လုပ်ငန်းရှင်တွေ ပြန်လည်လုပ်ကိုင်နိုင်အောင် အားပေးတာမျိုးပြုလုပ်သင့်ပြီး ဝန်ကြီးဌာနတွေအနေနဲ့ မလိုအပ်တဲ့ ကြန့်ကြာမှုမျိုးဖြေလျော့ပေးသင့်တယ်လို့ ပြောဆိုကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly