မန်ချက်စတာယူနိုက်တက်အသင်း သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းသူ ရွန်နီဖြစ်လာ

မန်ချက်စတာယူနိုက်တက်အသင်း သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းသူ ရွန်နီဖြစ်လာ

ဇန်နဝါရီ ၂၂၊ မန်ချက်စတာ။            ။ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ၂၅၀ ပြည့်ဂိုးကိုသွင်းယူနိုင်ခဲ့သည့် ဝိန်းရွန်နီသည် အသင်းသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာသည်။

ပွဲပြီးခါနီးတွင်ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး ရွန်နီသည်အနည်းငယ်သာအောင်ပွဲခံခဲ့သည်။ ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွင်းခဲ့ခြင်း ဖြစ်သော်လည်း နိုင်ပွဲလိုချင်သည့် ယူနိုက်တက်အတွက် အနိုင်ဂိုးမဟုတ်ဘဲ သရေဂိုးသာဖြစ်နေခဲ့သည်။

ထပ်ဆောင်းအချိန်ပို ငါးမိနစ်ပေးထားချိန်တွင် ပွဲပြီးရန် စက္ကန့် ၉၀ ခန့်သာလိုတော့သဖြင့် ရွန်နီမှာ အချိန်ဖြုန်းလိုခြင်းမရှိသဖြင့် အောင်ပွဲကြာကြာမခံ ခြင်းဖြစ်နိုင်ကြောင်း ဒေးလီးမေးလ်သတင်းစာက သုံးသပ်ခဲ့သည်။

ယူနိုက်တက်သည် စနေနေ့က စတုခ်အိမ်ကွင်းတွင်ကစားသောပွဲစဉ်တွင် စတုခ်အသင်းကို ၁-၀ ဂိုးဖြင့်အရေးနိမ့်နေရာမှ ပွဲပြီးခါနီး တွင် ရွန်နီသွင်းယူသည့်ဂိုးဖြင့် သရေတစ်မှတ်ရရှိခဲ့သည်။

ပွဲအပြီးတွင် မန်ယူအသင်း၏ဂန္ထဝင် ဆာဘော်ဘီချာလ်တန်က ရွန်နီကိုချီးကျူးခဲ့ပြီး မိမိ ၄၄ နှစ်ကြာတင်ရှိထားသည့်စံချိန်ကို ချိုးဖျက်နိုင်ခဲ့သည့် ရွန်နီမှာ ကလပ်နှင့်နိုင်ငံအတွက် စစ်မှန်သည့်ကြီးကျယ်ခမ်းနားသူတစ်ဦးဟု ပြောဆိုလိုက်သည်။

“စံချိန်ချိုးခံရလို့ စိတ်မပျက်ပါဘူးဆိုရင် ကျွန်တော်လိမ်နေတာပဲဖြစ်မှာပါ။ သို့သော်လည်း ရိုးရိုးသားသားပြောရပြန်ရင်လည်း ဝိန်းရွန်နီအတွက် ဝမ်းသာနေပါတယ်။

သမိုင်းမှတ်တမ်းစာအုပ်မှာသူနာမည်ရေးထိုးခံရထိုက်ပါတယ်။ သူက ကလပ်နဲ့နိုင်ငံအတွက် စစ်မှန်တဲ့ကြီးကျယ်သူတစ်ယောက် ဖြစ်ပြီး အခုဆိုရင် ယူနိုက်တက်မှာရော အင်္ဂလန်လက်ရွေးစင်အသင်းမှာပါ ဂိုးသွင်းအများဆုံးကစားသမားဖြစ်သွားပြီ”ဟု ဆာဘော်ဘီချာလ်တန်က ပြောသည်။

Ref; Daily Mail, BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly