ထိန်းသိမ်းထားသော မုံုးကုုိးမှ သင်းထောက်ဆရာ ၂ ဦး ကျန်းမာရေး KBC မှ စိုုးရိမ်ဟု ဆို

ထိန်းသိမ်းထားသော မုံုးကုုိးမှ သင်းထောက်ဆရာ ၂ ဦး ကျန်းမာရေး KBC မှ စိုုးရိမ်ဟု ဆို
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ချင်းမိုင်၊ဇန်နဝါရီလ ၂၁ ။         ။ တပ်မတော်မှ ဖမ်းဆီးထားသော ရှမ်းပြည်နယ် မုံးကိုးမြို့မှ သင်းထောက် ဆရာ ဦးဒီဒီနောင်လတ် (ခ) ဦးဒွမ်ဒေါ့ နောင်လတ်နှင့် ဆရာ ဦးလဂျော် ဂမ်ဆိုင်းတို့နှစ်ဦး ကျန်းမာရေးမကောင်းဟု သတင်းကြားရသဖြင့် စိုးရိမ်ကြောင်း KBC မူဆယ်ခရိုင် မုံးမောင်ဇုံနယ်မှ သိက္ခာတော်ရဆရာ ဦးဇော်ရာက ပြောသည်။

“အခု ကျွန်တော်တို့ သတင်းကြားတာက ကျန်းမာရေး အခြေအနေ တအားဆိုးတယ်လို့ ကြားနေတယ်။ ကျွန်တော်တို့ အရမ်းစိုးရိမ်နေတယ်။ တစ်ယောက်က ထတောင် မထနိုင်ဘူးလို့ ပြောတယ်။ ကျွန်တော်တို့လည်း အရမ်းစိုးရိမ်နေတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

ထို့ကြောင့် မုံးကိုးမြို့ရှိ တပ်မတော်၏ ဗျူဟာကုန်းသို့ သွားရောက် မေးမြန်းရန် ပြင်ဆင်နေသည်ဟု သူက ပြောသည်။

သင်းထောက်ဆရာ နှစ်ဦးအား မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကို သိရှိရန်အတွက် ယနေ့ ဇန်ဝါရီလ ၂၁ ရက်နေ့တွင် မူဆယ်မြို့မ ရဲစခန်းသို့ သွားရောက် မေးမြန်းခဲ့ရာ ၎င်းတို့အား ရဲလက်ထဲ မအပ်သေးသဖြင့် မသိရသေးကြောင်းသာ ဖြေကြားခဲ့သည်ဟု သိက္ခာတော်ရ ဆရာ ဦးဇော်ရာက ပြောသည်။

“ရဲစခန်းကို မေးကြည့်ပြီးပြီ။ သူတို့ကို မလွှဲပေးသေးဘူးလို့ ပြောတယ်။ သူတို့ကို ဘယ်မှာထားတယ်ဆိုတာ စုံစမ်းဖို့၊ အဲဒီသတင်းကို ဘယ်သွားမေးဖို့ ပြင်ဆင်နေတယ်”ဟု သူက ဆက်လက် ပြောဆိုသည်။

ယင်းဆရာနှစ်ဦးသည် အဆိုပါဆရာ နှစ်ဦးအား ဖမ်းဆီးထိန်းသိမ်းထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဇန်နဝါရီလ ၁၉ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ သူတို့ နှစ်ဦးကို တပ်မတော်ဘက်မှ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)အတွက် ငွေကြေး ထောက်ပံ့ ကူညီခြင်း၊ သတင်းပေးခြင်း၊ လူသစ်စုဆောင်းပေးခြင်းနှင့် မဟုတ်မမှန် လုပ်ကြံဝါဒ ဖြန့်ဆောင်ရွက်ခြင်းကြောင့် တပ်မတော်က ဖမ်းဆီးခဲ့သည်ဟု တပ်မတော် သတင်းထုတ်ပြန်ခဲ့သည်။ သို့သော် သူတို့ နှစ်ဦးအား လက်ရှိ မည်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်း ထုတ်ဖော်ခြင်း မရှိပေ။

၎င်းတို့နှစ်ဦး လွတ်မြောက်ရေးအတွက် KBC က ကြိးပမ်းသွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly