ငလျင်ကြောင့် နှင်းခဲပြို၍ ပျက်စီးပြိုကျသည့် ဟိုတယ်တွင်းမှ အသက်ရှင်လျက်ရှိသူများကို ဆွဲထုတ်ကယ်တင်

ငလျင်ကြောင့် နှင်းခဲပြို၍ ပျက်စီးပြိုကျသည့် ဟိုတယ်တွင်းမှ အသက်ရှင်လျက်ရှိသူများကို ဆွဲထုတ်ကယ်တင်

ရောမ၊ ဇန်နဝါရီ ၂၁ ။            ။ အီတလီနိုင်ငံတွင် ငလျင်ကြောင့် နှင်းခဲများပြိုကျကာ ပျက်စီးပြိုကျသွားခဲ့သည့် ဟိုတယ်တစ်လုံး၏ အပျက်အစီးပုံကြား အသက်ရှင်လျက်ရှိသူများကို သုံးရက်အကြာတွင် ဆွဲထုတ်ကယ်တင်နိုင်ခဲ့သည်။

အပျက်အစီးများကြား ပိတ်မိနေသည့် အသက်ရှင်လျက်ရှိသူ ဆယ်ဦးကို တွေ့ရှိထားပြီး ငါးဦးကို အပြင်ရောက်အောင် ကယ်ဆယ်ထုတ်ယူနိုင်ပြီးဖြစ်သည်။ ကျန်နေသူများအား ဆက်လက်ကယ်တင်ရန်အတွက် လုပ်ဆောင်နေကြောင်း အီတလီမြို့ပြကာကွယ်ရေးအေဂျင်စီက ပြောသည်။

အပြင်သို့ရောက်အောင် ကယ်ထုတ်နိုင်သူ ငါးဦးတွင် လေးဦးမှာ ကလေးငယ်များဖြစ်ကြောင်း ယင်းအေဂျင်စီက ပြောသည်။

“တကယ်ကို ကံကောင်းတာပါ။ အသက်ရှင်လျက်ရှိသူတွေကို တွေ့တာက အပျက်အစီးတွေကြား လေဟာနယ်ကွက်လပ်လိုဖြစ်နေတဲ့ နေရာမှာပါ။ သူတို့အတွက် အနွေးဓာတ်ရဖို့ မီးတော့မရှိဘူး။ ဒါပေမယ့် အထက်အောက် နှင်းတွေကြား ကွက်လပ်မှာ ရောက်နေလို့ အကာကွယ်ဖြစ်နေပြီး ညအချိန်တောင် အပူချိန်က ထိုးဆင်းသွားတာမျိုး မဖြစ်ဘူး။”ဟု ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဇန်နဝါရီ ၁၈ ရက်က နိုင်ငံအလယ်ပိုင်းတွင် ငလျင်များ ဆက်တိုက်လှုပ်၍ ရီဂိုပီယာနိုတောင်ပေါ်ဟိုတယ်သည် ငလျင်ကြောင့် ပြိုကျသည့် ဆီးနှင်းများ ပိကျပျက်စီးမှု ဖြစ်ပွားခြင်းဖြစ်သည်။ လက်ရှိအထိ သေဆုံးသူလေးဦး၏ ရုပ်အလောင်းကို ဆွဲထုတ်ခဲ့ပြီးဖြစ်သည်။

ဟိုတယ်တွင် တည်းခိုနေသူပေါင်း ၃၀ ခန့်ရှိကာ ကလေးငယ်များလည်း ပါဝင်သည်။

ငလျင်လှုပ်ရာတွင် ကနဦး ပြင်းအားရစ်ချ်တာစကေး ၅ ဒဿမ ၃ အဆင့်ရှိ ငလျင်လှုပ်ပြီး နောက်ဆက်တွဲငလျင်များ ရှစ်ကြိမ်လှုပ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly