ရန်ကုန်တိရိစ္ဆာန်ဥယျာဉ် ၁၁၁ နှစ်ပြည့် ပွဲတော် ၅ ရက်တာ ကျင်းပနေ

ရန်ကုန်တိရိစ္ဆာန်ဥယျာဉ် ၁၁၁ နှစ်ပြည့် ပွဲတော် ၅ ရက်တာ ကျင်းပနေ

ဇန်နဝါရီ ၂၁။                        ။ ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်၏ ၁၁၁နှစ်ပြည့်ပွဲတော်ကို  ဇန်နဝါရီလ ၂၁ ရက်မှ ၂၅ ရက်ထိ ၅ ရက်တာ ကျင်းပနေပြီး ထူးခြားသည့်အစီအစဉ်များစွာ ပါဝင်သည်ဟု ရန်ကုန်တိရိစ္ဆာန်ဥယျာဉ် မန်နေဂျာ ကိုမျိုးကျော်သူက ပြောသည်။

"ကျွန်တော်တို့ပွဲ ကျင်းပမှာတော့ ငါးရက်ပေါ့နော်။၂၁ ရက်ကနေ ၂၅ ရက်။ အဲဒီမှာမှ Unplugged ပါမယ်။ Got Talent က အစီအစဉ်တွေပါမယ်။ပြီးသွားရင် Dancer Show တွေပါမယ်။ ခြင်းအလှပြ ပါမယ်။ မြန်မာရိုးရာခြင်းဝိုင်းတွေပါမယ်။ မျက်လှည့်တွေ ပါမယ်။ ပြီးတော့ တိရိစ္ဆာန်ကပွဲ။ တိရိစ္ဆာန်လေးတွေနဲ့ ဓာတ်ပုံတွဲရိုက်တာ၊ ကလေးတွေအတွက် ဂိမ်းအစီအစဉ်လေးတွေ ပြီးသွားရင် Education Puzzle & Gifts အများကြီးပါပဲ စီစဉ်ပေးထားပါတယ်"ဟု မဇ္ဈိမကို ပြောသည်။

ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်သည် ရန်ကုန်မြို့၏ သက်တမ်းရင့်အထိမ်းအမှတ်နေရာ တစ်ခု ဖြစ်ပါသည်။ ယခုပွဲတော်ရက်တွင် ထူးခြားသည့်အစီအစဉ်များကို တစ်ရက်နှင့်တစ်ရက်မတူအောင် ကျင်းပသွားမည် ဖြစ်သည်ဟု သိရသည်။

ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်ကို ပုံမှန်ရုံးဖွင့်ရက်များတွင် အများပြည်သူ တစ်ထောင်မှ သုံးထောင်အထိ လာရောက် လည်ပတ်ကြပြီး စနေ တနင်္ဂနွေနှင့် အခါကြီးရက်ကြီးနေ့များ၊ ပွဲတော်နေ့များတွင် ပုံမှန်လူဦးရေထက် ငါးဆခန့် ပိုလာသည်ဟု သိရသည်။

"ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်က ရန်ကုန်မှာနေတဲ့ ကလေးလေးတွေအတွက် ပျော်စရာပေါ့နော်။အကုန်လုံးကလည်း လာကြတယ်။ ဒီမှာပွဲလေးတွေလုပ်မယ်ဆိုတာလည်း သိရတယ်ဗျ။ အဲဒါကြောင့် ကလေးရဲ့မွေးနေ့လည်း ဖြစ်တဲ့အတွက် လာခဲ့ကြတာပါ"ဟု သင်္ဃန်းကျွန်းမြို့နယ်မှ ကိုပြည့်ဖြိုးအောင်က ပြောသည်။

ဧက ၇၀ ကျော် ကျယ်ဝန်းသည့် ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်တွင် တိရိစ္ဆာန်မျိုးစိတ်ပေါင်းနှစ်ရာကျော်နှင့် တိရိစ္ဆာန်အကောင်ရေစုစုပေါင်း တစ်ထောင်ကျော်ရှိသည်။ ပရိသတ်စိတ်အဝင်စားဆုံး  ဆင်မကြီးမိုမိုမှာ အသက် ၆၄ နှစ်ထဲသို့ရောက်ရှိနေပြီဖြစ်ပြီး  သက်တမ်းအရင့်ဆုံးတိရိစ္ဆာန်အဖြစ် အနားပေးထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly