မကြာမီ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်လိမ့်မည် ဟုမြန်မာအစိုးရနှင့် လက်နက်ကိုင်အုပ်စုများ ယုံကြည်

မကြာမီ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်လိမ့်မည် ဟုမြန်မာအစိုးရနှင့် လက်နက်ကိုင်အုပ်စုများ ယုံကြည်
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့တို့၏ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးစာချုပ်အတွက် ၈ ကြိမ် မြောက်အစည်းအဝေးကို ဇူလိုင် ၂၂ ရက် နံနက် ၁၀ နာရီက စတင်ကျင်းပနေစဉ်။ ဓာတ်ပုံ-သက်ကို

နိုဝင်ဘာလတွင် ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲများ မတိုင်မီ မကြာမီ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ်တစ်ခုကိုလက်မှတ်ရေးထိုးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း မြန်မာအစိုးရ ကိုယ်စားလှယ်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ စေ့စပ်ညှိနှိုင်းသူများ က ပြောကြားလိုက်သည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက အထူးကိုယ်စားလှယ်အဖွဲ့သစ်တစ်ခုကို လွန်ခဲ့သည့်လ အစောပိုင်းက ဖွဲ့စည်း ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဇူလိုင်၂၂ က တရားဝင် တွေ့ဆုံဆွေးနွေးခြင်း ဖြစ်သည်။

ဆွေးနွေးပွဲအတွင်း တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရန် လိပ်ခဲတည်းလည်း အခြေအနေမှ နှစ်ဘက်အကျိုးရှိသည့် အဖြေတစ်ခုကို ရရှိနိုင်မည်ဟု ယုံကြည်ကြောင်း စေ့စပ်ညှိနှိုင်းသူများက ပြောကြားသည်။

သို့သော်လည်း ရွေးကောက်ပွဲမတိုင်မီ မည်သည့်အချိန်တွင် လက်မှတ်ရေးထိုးနိုင်မည်ကိုမူ အတည်ပြုပြောကြားရန် ငြင်းဆိုခဲ့ သည်။

ကိစ္စများစွာတွင် နှစ်ဘက်သဘောမတူဘဲ ရှိနေသေးသည်ဟု သိရသည်။ အစိုးရက စစ်တပ်နှင့် တိုက်ခိုက်နေသော ကိုးကန့်သူပုန် များကဲ့သို့ လက်နက်ကိုင်အုပ်စုအချို့ကို အသိအမှတ်ပြုရန် ငြင်းဆို ထားသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကမူ အဖွဲ့အစည်းအားလုံးကို ပါဝင်စေလိုသည်။

ယခုဆွေးနွေးမှုတွင် အဖြေတစ်ခုအတွက် သဘောတူညီချက် မရရှိနိုင်ပါက ရွေးကောက်ပွဲ အတွက် ကြိုတင်ပြင်ဆင်စရာများ ရှိနေသဖြင့်ယခုလလယ်လောက်တွင် မျှော်လင့်ထားသကဲ့သို့အမျိုးသား အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေး ထိုးနိုင်မည်မဟုတ်ဟု စေ့စပ် ညှိနှိုင်းသူများက ခန့်မှန်းပြောကြားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly