ပုဂ္ဂလိက အခမဲ့ကားများ ရုတ်သိမ်းသွားသော်လည်း YBS စနစ်သစ်အတွက် ရဲတပ်ဖွဲ့ ဆက်အကူညီပေးနေ

ပုဂ္ဂလိက အခမဲ့ကားများ ရုတ်သိမ်းသွားသော်လည်း YBS စနစ်သစ်အတွက် ရဲတပ်ဖွဲ့ ဆက်အကူညီပေးနေ

ရန်ကုန်  ဇန်နဝါရီ   ၂၁ ။                 ။ ရန်ကုန်ဘတ်စ်ကားစနစ်သစ်အတွက် စေတနာ့ဝန်ထမ်းများနှင့် ပုဂ္ဂလိကအခမဲ့ကားများ ယနေ့မှစပြီး ရုတ်သိမ်းသွားသော်လည်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဆက်လက်အကူညီပေးနေသည်ကို တွေ့ရသည်။

စေတနာဝန်ထမ်းများနှင့် အခမဲ့ကားများ၏  ၅ ရက်တာ ပညာပေးကူညီမှုကာလပြီးဆုံးခဲ့ပြီးနောက် ခရီးသည်အချို့မှာ YBS လမ်းကြောင်းစနစ်အား အသားမကျသေးကြောင်းတွေ့ရှိရပြီး ရဲတပ်ဖွဲ့ဝင်များမှ ကူညီလမ်းညွှန်မှုများ ဆောင်ရွက်လျှက်ရှိသည်။

''ကျွန်တော်တို့ ရဲတပ်ဖွဲ့အနေနဲ့ ခရီးသွားပြည်သူတွေရဲ့အခက်အခဲကို သူတို့ ကိုယ်သွားရမယ့်ခရီးအတွက် ကိုယ်စီးရမယ့်ယာဉ်လိုင်းအမှတ်တွေ သိသွားပြီ၊ သွားရလာရတာအဆင်ပြေသွားပြီဆိုရင်တော့ အထက်ဌာန တွေက ညွှန်ကြားတဲ့အထိ ဆက်လက်ဆောင်ရွက်သွားမှာပါ'' ဟု အမှတ်(၆) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ၊ရွှေပြည်သာမှ ဒုရဲအုပ် အောင်နိုင်လင်းက ပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ပြည်သူများနှင့် တစ်သားတည်းဖြစ်တယ်၊ ပြည်သူတွေအခက်အခဲဖြစ်လာရင် ပူပေါင်းဆောင်ရွက်တယ်ဆိုတဲ့ပြယုဂ်ကို ပြသခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်   ပြောပြသည်။

ရန်ကုန်ဘတ်စ်ကားစနစ်သစ်တွင် ခရီးသွားပြည်သူများ အခက်အခဲမရှိစေရန် YBS ကားများ ပြေးဆွဲသည့် ဒုတိယနေ့မှစကာ လုံခြုံရေးရဲတပ်ဖွဲ့ခွဲတစ်ခုကို ၅ စီးနှုန်းဖြင့် ဆူးလေမှ တပ်ဆိုင်ရာတပ်အလိုက် လမ်းကြောင်း များကို ပြေးဆွဲနေကြောင်း၊ တပ်အလိုက် လုံခြုံရေးတပ်ဖွဲ့ခွဲ ၅ ခုမှ ၁ တပ်လျှင် ၅ စီးနှုန်းဖြင့် ၂၅ စီး၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ၇ စီး၊ယာဉ်ထိန်းအဖွဲ့မှ ၁၀ စီး စုစုပေါင်း ယာဉ် ၄၂ စီးဖြင့် အခမဲ့ပြေး ဆွဲပေးလျက်ရှိကြောင်း သိရသည်။

ရဲတပ်ဖွဲ့မှ ကူညီလမ်းညွှန်နေသလို YBS ကားသစ်များ၏ ကားလိုင်းအမှတ်များ အလွတ်မရရှိသေးမှုအပေါ် ခရီးသည်အချို့က အကောင်းမြင်ခဲ့ကြပြီး အချင်းချင်း ကူညီလမ်းညွှန်မှုများလည်း ရှိကြောင်းတွေ့ရသည်။

''ခရီးသည်တွေက ဝီရိယထားပြီး သွားကြရမှာ။ ကိုယ်သွားရမယ့် ယာဉ်လိုင်းအမှတ်တွေကိုလည်း အလွတ်ရ အောင် လေ့လာရမှာပေါ့။ နောက်ဆိုရင်တော့ အဆင်ပြေသွားမှာပါ" ကျောင်းသားဖြစ်သူ ကိုစောရှားယားက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly