ပျဉ်းမနားရဲတပ်ဖွဲ့ထံ ဆက်သွယ်ရမည့်ဖုန်းနံပါတ်များ တစ်အိမ်တက်ဆင်း ဝေငှမည်

ပျဉ်းမနားရဲတပ်ဖွဲ့ထံ ဆက်သွယ်ရမည့်ဖုန်းနံပါတ်များ တစ်အိမ်တက်ဆင်း ဝေငှမည်
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇန်နဝါရီ ၂၁ရက်၊ ၂၀၁၇ခုနှစ်)။ ။ အမှုဖြစ်ပွားပါက ပြည်သူလူထုက တိုက်ရိုက် သတင်းလှမ်းပေးနိုင်ရန် ဆက်သွယ်ရမည့်ဖုန်းနံပါတ်များကို တစ်အိမ်တက်ဆင်း လိုက်လံပေးသွားမည်ဖြစ်ကြောင်း ပျဉ်းမနားမြို့မရဲစခန်း၏ စခန်းမှူးဖြစ်သူ ဒုရဲမှူး တင်ဌေးက ပြောသည်။

“ပြည်သူတွေနဲ့ ပတ်သက်လို့ စခန်းတွေရဲ့ ဖုန်းနံပါတ်တွေ၊ စခန်းမှူးရဲ့ ဖုန်းနံပါတ်တွေ မြို့နယ်ရဲတပ်ဖွဲ့မှူး ဖုန်းနံပါတ်တွေ၊ ရုံးဖုန်းနံပါတ်တွေ၊ နယ်ထိန်းအဖွဲ့ရဲ့ ဖုန်းနံပါတ်တွေကို နယ်မြေတွေကို တစ်အိမ်ဆင်း၊ တစ်အိမ်တက် ဆင်းပြီးတော့မှ ချပြပေးပါမယ်။ ကျွန်တော်တို့ကို ဆက်သွယ်နိုင်ပါတယ်” ဟု ဒုရဲမှူး တင်ဌေးက ပြောသည်။

ပျဉ်းမနားမြို့နယ်ရဲစခန်းဓမ္မာရုံတွင် ဇန်နဝါရီ ၂၁ရက် မွန်းလွဲပိုင်းက ပြုလုပ်သည့် ပျဉ်းမနားမြို့နယ်ရဲတပ်ဖွဲ့နှင့် ရပ်မိရပ်ဖများ၊ မီဒီယာများ တွေ့ဆုံပွဲတွင် ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ပြည်သူတွေက မှုခင်းဖြစ်ပွားတယ်ဆိုလို့ရှိရင် စိုးရွံ့မှုတွေ၊ ထိတ်လန့်မှုတွေ ရှိတယ်။ မှုခင်းတွေနဲ့ မဆက်နွယ်ချင်ဘူးဆိုတော့ တဖြည်းဖြည်းနဲ့ ကင်းကွာလာတယ်။ ပြည်သူကို ကူညီစောင့်ရှောက်ရမယ့် ရဲတပ်ဖွဲ့နဲ့လည်း ထိတွေ့မှု နည်းပါးလာတယ်” ဟု လက်ရှိအခြေအနေကို ဒုရဲမှူး တင်ဌေးက ပြောသည်။

မှုခင်းကျဆင်းရေးအတွက် ပြည်သူလူထုပူးပေါင်းပါဝင်မှု ရဲလုပ်ငန်းစနစ်ကို ထိထိရောက်ရောက် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း ပူးပေါင်းပါဝင်ပေးကြရန် ဒုရဲမှူးက တိုက်တွန်းလိုက်သေးသည်။

“ပြောင်းလဲလာတဲ့အပိုင်းမှာ တရားခံကို ညှဉ်းပမ်းနှိပ်စက်တာ ကျွန်တော်တို့ လုပ်လို့မရတော့ဘူး။ တိကျရမယ်၊ ခိုင်လုံရမယ်။ သက်သေခံပစ္စည်းနဲ့ သေသေချာချာ ဂဏနဏ မိရမယ်ဆိုတဲ့အပိုင်းမှာ သူ့ကို သိပါတယ်ဆိုတာနဲ့ ဖမ်းလို့ မရဘူး။ ဒါကြောင့် ပြည်သူလူထုက ပူးပေါင်းပါဝင်ပေးဖို့ လိုပါတယ်” ဟု ၎င်းက ပြောသည်။

ပျဉ်းမနားမြို့နယ်၏ ရဲတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူး တင်မိုးဦးကလည်း ရဲတပ်ဖွဲ့နှင့် ပြည်သူအကြား အပြန်အလှန် ယုံကြည်မှုရှိဖို့ လိုအပ်ပြီဟု ဆိုသည်။

“ကိုယ့်ဆီကို ရဲလာတာ မကြိုက်တာ၊ ရဲနဲ့ စကားမပြောချင်တာတို့ တချို့တွေ ရှိပါတယ်။ နဂိုက အတွေးအခေါ်ဟောင်းလေးတွေပေါ့လေ။ အဲ့ဒါကို သူတို့တွေ သဘောပေါက်နားလည်အောင် သူတို့ကို ကျွန်တော်တို့က ဝန်ဆောင်မှုပေးဖို့၊ သူတို့ကို အကူအညီပေးဖို့၊ သူတို့ရဲ့ ရပ်ရွာဒေသကို အေးချမ်းအောင် ဆောင်ရွက်ပေးဖို့၊ သူတို့မှာ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် အခက်အခဲဖြစ်လာလို့ရှိရင် ကူညီပေးဖို့ဆိုပြီးတော့ ကျွန်တော်တို့တွေက လိုက်ပြီး စည်းရုံးရတာ” ဟု ရဲတပ်ဖွဲ့ထံ ဆက်သွယ်ရမည့်ဖုန်းနံပါတ်များအား တစ်အိမ်တက်ဆင်း လိုက်ပေးမည့် အစီအစဉ်နှင့်ပတ်သက်ပြီး ပြောသည်။

ပျဉ်းမနားမြို့နယ်တွင် နေထိုင်သူ လူဦးရေမှာ တစ်သိန်းရှစ်သောင်းကျော်ရှိပြီး ရဲတပ်ဖွဲ့အင်အားမှာ တစ်ရာဦးခန့်သာ ရှိသောကြောင့် လူဦးရေ ၁၈၅၀ဦးကို ရဲတစ်ဦးက ကာကွယ်မှုပေးနေရသည့်သဘော ဖြစ်သည်။

ရဲတပ်ဖွဲ့၏ အချက်အလက်များအရ ၃နှစ်အတွင်း ပျဉ်းမနားမြို့နယ်တွင် မှုခင်ဖြစ်ပွားမှု ပိုမိုများပြားလာသည်ကို တွေ့ရသည်။

အချက်အလက်များအရ ပျဉ်းမနားမြို့နယ်တွင် မှုခင်းဖြစ်ပွားမှုမှာ ၂၀၁၄ခုနှစ်တွင် အမှုကြီး ၂၃မှု၊ အခြားအမှု ၄၀၆မှု၊ ကြိုတင်ကာကွယ်မှု ၁၉၆မှု၊ စုစုပေါင်း ၆၂၅မှု၊ ၂၀၁၅ခုနှစ်တွင် အမှုကြီး ၁၁မှု၊ အခြားအမှု ၄၇၈မှု၊ ကြိုတင်ကာကွယ်မှု ၂၁၄မှု စုစုပေါင်း ၇၀၃မှုနှင့် ၂၀၁၆ခုနှစ်တွင် အမှုကြီး ၁၄မှု၊ အခြားအမှု ၅၃၀မှု၊ ကြိုတင်ကာကွယ်မှု ၅၈၉မှု၊ စုစုပေါင်း ၁၁၃၃မှု ဖြစ်ပွားခဲ့သည်။

ယနေ့ပြုလုပ်သည့်တွေ့ဆုံပွဲတွင် ရဲတပ်ဖွဲ့က ၎င်းတို့ထံဆက်သွယ်ရမည့်ဖုန်းနံပါတ်များကို တွေ့ဆုံပွဲတက်သည့် သတင်းထောက်များနှင့် ရပ်မိ၊ ရပ်ဖများထံ ဝေငှခဲ့သေးသည်။

ပျဉ်းမနားမြို့နယ်ရဲတပ်ဖွဲ့ထံသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များအနေဖြင့် ပျဉ်းမနားမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးအား ၀၆၇-၂၂၆၃၀ သို့လည်းကောင်း၊ ပျဉ်းမနားမြို့မရဲစခန်းအား ၀၆၇-၂၂၅၀၄ သို့ လည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးအား ၀၉၄၂၀၇၀၈၂၆၂၊ ၀၉၇၉၆၆၇၂၇၅၀ သို့ လည်းကောင်း၊ ရဲစခန်းမှူးအား ၀၉၄၄၄၀၃၁၂၂၂၊ ၀၉၇၈၂၂၂၅၃၁၁ သို့ လည်းကောင်း၊ နယ်ထိန်းခေါင်းဆောင်အား ၀၉၄၂၈၃၂၁၄၉၈ သို့ လည်းကောင်း၊ အပိုင်နယ်ထိန်းအား ၉၄၃၀၇၅၇၂၈ သို့ လည်းကောင်း ဆက်သွယ်နိုင်သည်ဟု ပါရှိသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly