ပြည်သူတွေ ထမ်းဆောင်နေရတဲ့ အခွန်တွေ ဘယ်နေရာတွေမှာ အကျိုးရှိရှိ အသုံးချနေသလဲ (အပိုင်း ၂)

21 January 2017
ပြည်သူတွေ ထမ်းဆောင်နေရတဲ့ အခွန်တွေ ဘယ်နေရာတွေမှာ အကျိုးရှိရှိ အသုံးချနေသလဲ (အပိုင်း ၂)
 

ဒေါ်သင်းသင်းအောင် (မဇ္ဈိမသတင်းဌာန)

အဲဒီမှာ ခုနက ကိုဝဏ္ဏထွန်းပြောလိုက်တဲ့အထဲမှာ သွယ်ဝိုက်အခွန်ဆိုတာ ပါပါတယ်။ တိုက်ရိုက်အခွန် သွယ်ဝိုက်အခွန် အဲဒါတွေလည်းရှိတယ်။ နောက်တစ်ခါကျတော့လည်း အခု ကြားနေရတဲ့အခါကျတော့ တိုက်ရိုက် ဘယ်လိုမျိုး သုံးမယ်ဆိုတာတော့ မသိဘူး ပြောတာက ဆက်သွယ်ရေးပေါ့ တယ်လီဖုန်းကုမ္ပဏီတွေက အခုထပ်ပြီးတော့ ၅ ရာခိုင်နှုန်း ကောက်လာတယ်ပေါ့နော်။ အဲဒါတွေကို ဘာလို့ကောက်သလဲ ဆိုတဲ့ဟာမျိုးတွေပေါ့။  ပထမတုန်းကတော့ ဒါတွေလည်း စားသုံးသူတွေဆီကို ရောက်သွားတယ်။ စားသုံးသူတွေကို ကုမ္ပဏီတွေက ပြန်တိုးလိုက်တယ်ပေါနော်။ သူတို့ကို ကောက်တယ်၊ သူတို့ကလည်း ပြည်သူတွေဆီက ပြန်ဖြတ်တယ်။ ဆိုတော့ အဲဒါကရော တရားသလား၊ နှစ်ထပ်ကွမ်းတွေများ ပြည်သူတွေက ပိသလားပေါ့ အဲဒါ ဖြစ်သင့်သလား။ တစ်ဦးချင်းရဲ့ တကယ့်ကို နဲနဲပါးပါးလေးရှိတဲ့ သူ့ရဲ့ ဝင်ငွေထဲမှာမှ ထပ်ဖြတ်တာမျိုးတွေ ဖြစ်မနေဘူးလား၊ ပြောတာကတော့ ဒီကနေ ၅ ရာခိုင်နှုန်း ဖြတ်မယ်၊ ဖြတ်လို့ရှိရင် ဒီက ရတဲ့ငွေကို ပညာရေးမှာသုံးမယ် စသဖြင့် အဲဒါမျိုးတွေ ပြောလိုက်တော့ ဒါကတော့ နဲနဲလေး မြှင့်တင်တဲ့သဘောပေါ့။ ပေးချင်အောင်ပေါ့လေ။ သို့သော်လည်းပဲ ပြည်သူတွေက တစ်ဖက်ကဝင်ငွေက ဝန်ပိတာမျိုး အဲဒါကရော   ဖြစ်သင့်သလား ဆိုတာကို ဆရာ့အနေနဲ့ ဆွေးနွေးပေးပါဦး။

ဦးကျော်ဇေယျ (ဦးစီးမှူး)

ပြည်တွင်း ဦးစီးအခွန်ဌာန စစ်ကိုင်းတိုင်းဒေသကြီး။

ကျွန်တော် တင်ပြလိုတာက ခုနက သွယ်ဝိုက်ခွန်ထဲမှာ ကုန်သွယ်လုပ်ငန်းခွန်ကျတဲ့ လုပ်ငန်းတွေက ဘာတွေလုပ်လဲဆိုရင် ပြည်ပက တင်သွင်းတဲ့ Export လုပ်လာမယ်ဆိုရင် ကုန်သွယ်လုပ်ငန်းခွန် ကျပါတယ်။ ပြည်တွင်းမှာ ကုန်စည်ထုတ်လုပ်မှု ကျမယ်ဆိုရင်လည်း ကျွန်တော်တို့ ထုတ်လုပ်ရောင်းချမယ်ဆိုရင် ကုန်သွယ်လုပ်ငန်းခွန် ကျပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ ဝန်ဆောင်မှု လုပ်ငန်းတွေ လုပ်မယ်ဆိုလို့ရှိရင်လည်း ဥပဒေအရ ကုန်သွယ်လုပ်ငန်းခွန် ကျသင့်ပါတယ်။ နောက်တစ်မျိုးကတော့ ကုန်သွယ်မှုပေါ့။ ကျွန်တော်တို့ ဈေးရောင်းတာ ကုန်သွယ်မှုလုပ်ငန်း လုပ်တဲ့ဟာကျရင် ဥပဒေအရ ကျွန်တော်တို့က ကုန်သွယ်လုပ်ငန်းခွန် ကျရပါတယ်။ အဲတော့ ခုနက ကိုဝဏ္ဏပြောတဲ့ စားသုံးသူမှာရော ကောက်ခံတယ်ဆိုတာက တခြားနိုင်ငံတွေမှာလည်း ကောက်နေပါတယ်။ စင်ကာပူတို့မှာဆိုရင်လည်း ၇ ရာခိုင်နှုန်းလောက် တက်နေပါပြီ။ ကျွန်တော့်အထင်ပေါ့လေ။ ဒီမှာ ကုန်သွယ်လုပ်ငန်းခွန်ကို ကျွန်တော်တို့က တသတ်မတ်တည်း ၅ ရာခိုင်နှုန်းမှာ ခုနက နှုန်းအပေါ် များတယ်မများဘူးဆိုတာကတော့ ကျွန်တော်တို့က ပြည်သူ့ဆန္ဒအရ လွှတ်တော်ကနေပြီးတော့ နှုန်းကို တိုးချင် လျော့ချင်ရင် နှစ်စဉ်ကို ခုနက ကျွန်တော်ပြောတဲ့ ပြည်ထောင်စု အခွန်ကောက်ဥပဒေအထဲမှာ ထည့်ပြီးတော့ ပြင်လို့ရပါတယ်။ ဒီနှုန်းကတော့ ဒီနှစ်များတယ်၊ ၅ ရာခိုင်နှုန်းကနေ ၂ ရာခိုင်နှုန်း အဲသလိုသဘောမျိုး လျော့လို့ရပါတယ်။

ဒေါ်သင်းသင်းအောင် (မဇ္ဈိမသတင်းဌာန)

အဲဒါထက် အခြားရော ဘယ်နည်းလမ်းတွေ ကြားရသေးလဲ။ ပြည်သူတွေဆီကရော ကြားမိသေးလား လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ဒါတွေကို ဘယ်လိုဖြစ်သင့်တယ် ဘယ်လိုမဖြစ်သင့်ဘူးဆိုတာမျိုးပေါ့။

ဒေါ်စုမြတ်ထက် (စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်)

ပြည်သူကတော့ အခုက အခွန်နဲ့ပတ်သက်ပြီးတော့ အသိပညာက နည်းနေသေးတော့ သူတို့ကတော့ လျော့ချင်တာပေ့ါ။ လျော့ချင်တော့ ကျွန်မတို့မြို့နယ်မှာဆိုရင် မြို့နယ်အခွန်ဦးစီးက အခွန်ပညာပေး လုပ်ငန်းတွေ ခဏခဏလုပ်တယ်။ ခဏခဏလုပ်ပြီးတော့ သူတို့ကို အသိပညာပေးရတယ်ပေါ့နော်။ ခုနက မသင်းသင်းအောင်ပြောတဲ့ တယ်လီဖုန်းကနေ ၅ ရာခိုင်နှုန်းက ဒီနှစ်ဆိုရင် ကျွန်မတို့က Citizen Budget မှာ သန်းပေါင်း ၇၅၀၀ အဲဒါအကုန်လုံးကို ကျွန်မတို့ ပညာရေးအသုံးစရိတ်မှာ သုံးတာပေါ့နော်။ အဲတော့ နိုင်ငံသားတွေအနေနဲ့လည်း ဒါကတော့ တိုင်းပြည်ရဲ့ ပညာရေးအခြေအနေကလည်း အားလုံးသိတဲ့အတိုင်းပဲ ၅ ရာခိုင်နှုန်းလောက်လေးနဲ့ ပညာရေးကဏ္ဍမှာ ကိုယ်က ပါဝင်ပြီးတော့ ကူညီပေးနိုင်တဲ့သဘောပေါ့နော်။ အဲဒီအပေါ်မှာ ပြည်သူ့အသံကတော့ ဒီ ၅ ရာခိုင်နှုန်းကောက်တဲ့အပေါ်မှာတော့ ကွန်ပလိန်းတက်တာတော့ ကျွန်မကတော့ မကြားမိဘူး။ ကျွန်မကြားတာကတော့ ဝင်ငွေခွန်ပေါ့။ ဝင်ငွေခွန်ကတော့ ၃၀ ရာခိုင်နှုန်းပေါ့နော်။

ဒေါ်သင်းသင်းအောင် (မဇ္ဈိမသတင်းဌာန)

ဒါဆိုရင် ကိုယ်က လစာရတယ်ထားပါတော့ ကိုယ်က ဝင်ငွေရတယ်ပေါ့နော်။ လစာရတဲ့အထဲကရော ၃၀ ရာခိုင်နှုန်းပဲ ဖြတ်တာလား။ ဒါမှမဟုတ်ရင် အိမ်တွေမြေတွေရောင်းလို့ ကားဝယ်တဲ့အခါတို့မှာ ၃၀ ရာခိုင်နှုန်း ဖြတ်တာလား အဲဒါကိုလည်း ပြောပြပေးပါဦးရှင့်။

ဦးကျော်ဇေယျ (ဦးစီးမှူး)

ပြည်တွင်း အခွန်ဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး။

အဲဒါက လစာဝင်ငွေနဲ့ ပတ်သက်လို့ရှိရင် ကျွန်တော်တို့က လူတစ်ယောက်ရဲ့ ၄၈ သိန်းမကျော်ရင် ကျွန်တော်တို့က အခွန်ပေးဖို့ မလိုပါဘူး။ ၄၈ သိန်းကျော်မှသာ ပေးရတာပါ။ တစ်နှစ်လုံးလစာပေါ့။ အဲဒီမှာလည်း အခြေခံသက်သာခွင့်တွေလည်း ပေးထားပါတယ်။ အခြေခံသက်သာခွင့် ၂၀ ရာခိုင်နှုန်း ပေးထားပါတယ်။ နောက်တစ်ခါ အတူနေမိဘ သားသမီးတွေ အဲဒီအတွက်လည်း အခြေခံသက်သာခွင့်တွေ ပေးထားတာရှိပါတယ်။

ဒေါ်သင်းသင်းအောင် (မဇ္ဈိမသတင်းဌာန)

ဟုတ်ကဲ့။ အဲဒါဆိုရင် ဘယ်လောက်ရာခိုင်နှုန်း တက်လဲ။ ခုနကပြောသလို ၄၈ သိန်းကျော်တဲ့သူတွေကို ၃၀ ရာခိုင်နှုန်း ဖြတ်တာပဲလား ဝင်ငွေခွန်ကပေါ့။

ဦးကျော်ဇေယျ (ဦးစီးမှူး)

ပြည်တွင်း အခွန်ဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး။

၄၈ သိန်း မဟုတ်ဘူးခင်ဗျ။ ဥပမာ ဆရာမက တစ်နှစ်လုံးကို သိန်း ၅၀ ရတယ်ပဲထားပါတော့ အဲဒီ ၄၈ သိန်းထက် ကျော်တဲ့ ၂ သိန်းကျော်တဲ့အပေါ်မှာပဲ ဖြတ်တာပါ။ သူကတော့ ရာခိုင်နှုန်းလေးတွေ ချိုးထားတာရှိပါတယ်။ ခုနက ၃၀ ရာခိုင်နှုန်းဆိုတာက ဆရာမက အိမ်ဝယ်လိုက်တယ် ထားပါတော့ ဆရာမက အိမ်ကို သိန်း ၃၀၀ နဲ့ ဝယ်လိုက်တယ်။ ဝယ်လိုက်လို့ ဆရာမက ငွေဖြူမပြနိုင်ဘူးဆိုရင် အဲဒီအပေါ်မှာတော့ အဆင့်ဆင့် အလွှာလိုက် အလွှာလိုက် သက်သာခွင့် ပေးတယ်ပေါ့။

ဒေါ်သင်းသင်းအောင် (မဇ္ဈိမသတင်းဌာန)

အဲဒါကတော့နဲနဲလေး ကွဲတာပေါ့နော်။ လစာကနေ ဒါရိုက်ဖြတ်တာမဟုတ်ဘူးဆိုတော့ပေ့ါလေ။ ဟုတ်ကဲ့ပါ ကိုဝဏ္ဏအနေနဲ့ ဖြည့်ပြောပေးပါဦး။

ဦးဝဏ္ဏထွန်း (Bank Information Center )

အဲဒါကတော့ ကျွန်တော်အယူအဆကတော့ အခွန်ကောက်တယ်ဆိုတဲ့နေရာမှာလည်း တယ်လီဖုန်းနဲ့ ဆက်စပ်ပြီးတော့ တယ်လီဖုန်းခွန် ကုန်သွယ်လုပ်ငန်းခွန်နဲ့ ပတ်သက်ပြီး အခွန်မှာက ခုနကပြောသလို နှစ်ဦးတိုးအခွန် နှစ်ဦးလျော့ခွန်ဆိုပြီးတော့ နှစ်မျိုးရှိတယ်။ ယေဘုယျအားဖြင့် သူ့ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အားဖြင့် နှစ်ဦးတိုးဆိုတဲ့သဘောအရ ဆင်းရဲသားပြည်သူတွေအပေါ်မှာ ဝန်သိပ်မပိဘူး။ ဘယ်သူတွေအပေါ်မှာ ပိသလဲဆိုတော့ များသောအားဖြင့် ကျွန်တော်တို့က ဝန်ပိတယ်ဆိုတာထက်ကို ဘယ်သူတွေ အခွန်ပိုဆောင်ရသလဲဆိုရင် ခုနက လုပ်ငန်းကောင်းနဲ့ ဝင်ငွေများတဲ့သူတွေက အခွန်ပိုဆောင်ရတယ်။

နောက်တစ်ခုက နှစ်ဦးလျော့ခွန်ဆိုတဲ့ သဘောကတော့ ကျွန်တော်တို့ အဆင်ပြေတဲ့ လုပ်ငန်းရှင်တွေထက်စာလို့ရှိရင် ဘယ်သူတွေအပေါ်မှာ ပိုပိသလဲဆိုရင် ဆင်းရဲသားတွေအပေါ်မှာ ပိုပိတယ်။ ဝင်ငွေနည်းတဲ့ လူတန်းစားမှာ ပိုပိတယ်။ နိုင်ငံတကာမှာ ကျင့်သုံးတာကကျတော့ နှစ်ဦးတိုးခွန်ကို ကျင့်သုံးတယ်။ ခုနက ဆရာမပြောသလိုပဲ နိုင်ငံတကာမှာ နော်ဝေ၊ ဆွီဒင်၊ ဒိန်းမတ်တို့ နိုင်ငံတို့မှာဆိုရင် သူ့မှာ ဝင်ငွေအချိုးအစားတွေ ရှိတာပေါ့။ အများဆုံးသည် ၅၀ ရာခိုင်နှုန်းလောက်ထိ ဆောင်ရတယ်။ ဆိုတော့ အမေရိကတို့ ဘာတို့မှာဆိုရင် ၃၀ ရာခိုင်နှုန်းလောက်ထိ ဆောင်ရတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားနဲ့ ကျွန်တော် ရိုးရိုးသားသားပြောရလို့ရှိရင် နည်းတဲ့အထဲမှာပါတယ်။ ဒါပေမယ့် ခုနကပြောတဲ့ တယ်လီဖုန်းအခွန်သည် နိုင်ငံတကာကလည်း ပြောတာက နှစ်ဦးတိုးခွန်နဲ့ နှစ်ဦးလျော့ခွန်ဆိုရင် နှစ်ဦးတိုးခွန်ကို သူတို့ ပိုသွားတယ်။ တယ်လီဖုန်းအခွန်ကို ကျွန်တော်က နှစ်ဦးလျော့ခွန်လို့ ကျွန်တော် ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဥပမာအားဖြင့် တယ်လီဖုန်းပေါ့ ဘယ်လိုကွာလဲဆိုရင် စိန်ဝယ်တယ်ပေါ့ ရွှေဝယ်တယ်၊ ဒီဟာသည် စိန်ဝယ်နိုင်တယ်၊ ရွှေဝယ်နိုင်တယ်ဆိုတာ ဆင်းရဲသားမဝယ်နိုင်ဘူး။ ပိုက်ဆံရှိတဲ့သူသာ ဝယ်နိုင်တယ်။ အဲဒီအပေါ်မှာ အခွန်တိုးထားတယ် စိန်ရွှေဝယ်ရင် အခွန်ဘယ်လောက်ဆောင်ရတယ်ဆိုတာပေါ့ အဲဒါကျရင် ကျွန်တော်တို့က နှစ်ဦးတိုးခွန်ထဲမှာ ထည့်ထည့်လို့ရမယ်၊ ဒါပေမယ့် တယ်လီဖုန်းလိုကိစ္စမျိုးကျတော့ သူက ပြောင်းပြန်ကြီးဖြစ်သွားပီ။ တယ်လီဖုန်းကျတော့ ပိုက်ဆံရှိရှိမရှိရှိ အကုန်လိုလို သုံးတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုဟာက ဆက်သွယ်ရေးက မရှိမဖြစ် ဖြစ်သွားပြီ။ အိမ်မှာ ကျွန်တော်တို့ တယ်လီဖုန်းပြောတယ်ဆိုတာက အိမ်မှာ ဆန်၊ဆီ၊ဆား ရှိသလိုပဲ အဲဒီအခါကျတော့ ဘယ်လိုလဲဆိုတော့ ချမ်းသာတဲ့သူကိုလဲ ၅ ရာခိုင်နှုန်းပဲ ဆင်းရဲတဲ့သူကိုလည်း ၅ ရာခိုင်နှုန်းပဲ ဖြတ်တယ်ဆိုတော့ ပြောချင်တာက ဆင်းရဲတဲ့သူနဲ့ ချမ်းသာတဲ့သူမှာ ကွာဟချက် မရှိတော့ဘူး။ မျှတသလို ခံစားရတယ်။ ဒါပေမယ့် တကယ့်တကယ် သာတူညီမျှတဲ့ ရှုထောင့်ကနေကြည့်ရင် အဲဒါသည် နှစ်ဦးလျော့ခွန်ဖြစ်သွားပြီ ဘာဖြစ်လို့လဲဆိုတော့ ၅ ရာခိုင်နှုန်းမှာ ချမ်းသာတဲ့သူက ငွေတစ်သောင်း ဖြည့်တဲ့အချိန်မှာ ၅ ရာခိုင်နှုန်းဖြတ်တာ ပြဿနာမရှိပေမယ့် ဆင်းရဲတဲ့သူတွေအတွက်ကျတော့ ၅ ရာခိုင်နှုန်းဆိုတာ သူတို့အတွက် အရမ်းများတယ်။

ဒါဆိုရင် တချို့ကပြန်ပြောတယ် ဘယ်လိုကောက်မလဲဆိုတော့ ကျွန်တော်ကတော့ ဘယ်လိုမျိုး ဥပမာပေးလေ့ရှိလဲဆိုရင် နိုင်ဂျီရီးယားလို နိုင်ငံမျိုးမှာရှိတယ် မြန်မာနိုင်ငံနဲ့ အလားသဏ္ဍာန်တူတယ်။ သူတို့က ဘယ်လိုခေါ်လဲဆိုတော့ ပစ္စည်းအပေါ်မှာ တန်ဖိုးမြင့်ခွန်ပေါ့။ အဲဒီအခွန်က ပုံမှန်အရာတွေမှာ မကောက်ဘူး။ ဥပမာအားဖြင့် လမ်းဘေးက အဝတ်အစားဝယ်တယ်ဆိုရင် မကောက်ဘူး။ ဘယ်လိုမျိုးမှာ ကောက်လဲဆိုရင် ဥပမာ Shopping Center တွေမှာ ဈေးကောင်းတဲ့ ပစ္စည်းတွေမှာဆိုရင် ဥပမာ ကျွန်တော် Camera ဝယ်တဲ့ပေါ့ အဲဒီအထဲမှာ ထည့်ကောက်တယ်။ အဲဒါသည် အရမ်းများတယ်။ ဥပမာအားဖြင့် ကျွန်တော်သည် ဒေါ်လာ ၅၀၀ တန်ပစ္စည်း ဝယ်မယ်ဆိုရင် သူတို့ဆီကပုံစံနဲ့ဆိုရင် ကျွန်တော် အနည်းဆုံး ဒေါ်လာ ၃၀ ဆောင်ရတယ်။ သူတို့က ဘယ်လိုလုပ်သလဲဆိုရင် ခုနကပြောသလိုပဲ အဲဒီကရတဲ့ ငွေတွေကို ကျန်းမာရေးကဏ္ဍတွေမှာသုံးတယ်။ ဒါပေမယ့် အဲဒီမှာလည်း ထောင်ချောက်တစ်ခုရှိတယ်။ ကျွန်တော်အယူအဆက ကျွန်တော်တို့ဆီမှာ ပညာရေးကို သုံးတယ်လို့ပြောတယ် ဆိုတော့ ဒီက ၅ ရာခိုင်နှုန်းကို ဖြတ်ဖြတ်မဖြတ်ဖြတ် သူ ပညာရေးကို သုံးရမှာပဲ။ ဒါဆို မေးစရာရှိတာက ဒီ ၅ ရာခိုင်နှုန်းကို မပေးဘူးဆိုရင်ရော ဒီ ပညာရေးအသုံးစရိတ် နည်းသွားမှာလားပေါ့။ ပညာရေးအသုံးစရိတ် နည်းသွားရင် ခုနကပြောတဲ့ အစိုးရရဲ့ ကတိကဝတ်ကို ကျွန်တော်တို့ ပြန်စောင့်ကြည့်လို့ရတယ်။ သူတို့ပြောတုန်းက ပညာရေးကို တိုးသုံးမယ်လို့ပြောတယ်။ ၅ ရာခိုင်နှုန်းမပါရင် Amount ဘယ်လောက်လဲ။ ကျွန်တော်တို့ ခွဲကြည့်လို့ရတာက ဒီ ၅ ရာခိုင်နှုန်းက မူလရှိပြီးသား Target ပေ့ါနော်။ ပညာရေးမှာ ၇ ရာခိုင်နှုန်း သုံးမယ်လို့ပြောတယ်။ အဲဒီအပေါ်မှာ ၅ ရာခိုင်နှုန်း ထပ်ပေါင်းတာလား။ ဒါမှမဟုတ်ရင် ၇ ထဲမှာ ၅ ရာခိုင်နှုန်းက ထည့်ထားတာလား။ အဲဒါကို ကျွန်တော်တို့ ပြန်ကြည့်လို့ရတာပေါ့။

ဦးကျော်ဇေယျ (ဦးစီးမှူး)

ပြည်တွင်း အခွန်ဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး။

မှန်ပါတယ်။ ကိုဝဏ္ဏပြောတာလည်း ခုနက ပြောသွားတဲ့ အခွန်ကောက်ဥပဒေတွေနဲ့လည်း ပြောသလို ၄၈ သိန်းထက် ကျော်သွားတာ အခွန်ကောက်မယ်၊ အဲဒီထက် ကျော်လာလို့ရှိရင် ကျွန်တော်တို့က ခုနက သက်သာခွင့်နဲ့ နှုတ်ပစ်လိုက်ပြီ။ နှုတ်ပစ်လိုက်ရင် ၂၀ အထိ သုညရာခိုင်နှုန်း ၂၀ ကနေ ၅၀ အထိက ၅ ရာခိုင်နှုန်း ၅၀ ကနေ ၁၀၀ အထိက ၁၀ ရာခိုင်နှုန်း နောက် သိန်း ၃၀၀ ထက် ကျော်သွားတာနဲ့ ကျွန်တော်တို့က ၂၅ ရာခိုင်နှုန်းပဲ ကောက်တယ်။ အဲတော့ ခုနက ကိုဝဏ္ဏပြောတဲ့အတိုင်းပဲ ဖြစ်ပါတယ်။ သဘောက သိန်း ၃၀၀ ထက်ကျော်ရင် ဘယ်လောက်ကျော်ကျော် ၂၅ ရာခိုင်နှုန်းပဲပေါ့။

ဒေါ်သင်းသင်းအောင် (မဇ္ဈိမသတင်းဌာန)

အဲဒါက ပညာရေးမှာ ဒီလောက်သုံးတယ် ဒါက တကယ်ပဲ သုံးတယ်ပေါ့နော်။ ဆိုတော့ ဘာပဲပြောပြော ကိုယ့်ရဲ့ အစိုးရရဲ့ တာဝန်ကတော့ ပညာရေးရော ကျန်းမာရေးရောက တကယ့် အခြေခံ လိုအပ်တဲ့   ပြည်သူတွေရဲ့ ဝန်ဆောင်မှုကို သုံးကို သုံးရမှာပဲလေ။ အဲဒါကလည်း စဉ်းစားစရာပေါ့လေ။ တယ်လီဖုန်းအခွန်က ထပ်ပေါင်းပြီး လုပ်တာလား ဒါမှမဟုတ်ရင် အစားထိုးတာလား ဆိုတာကလည်း စဉ်းစားစရာတစ်ခုဖြစ်တယ်။ အဲဒါတွေက ပြည်သူတွေပေါ့နော် ခုနကပြောတဲ့ ပြည်သူတွေက သေသေချာချာ နားမလည်ဘူး။ Citizen Budget လို့ပြောတယ် ဒါပေမယ့်လည်း လွှတ်တော်ကိုယ်စားလှယ်   တွေ အားလုံးတောင်မှ မသိဘူး အစိုးရအဖွဲ့ဝင်တွေ မသိဘူးပေါ့နော် ဖြစ်နေတာက ပြည်သူတွေ နားလည်ဖို့အတွက် ဝေမျှတယ်ဆိုတဲ့ ဘတ်ဂျက်ပေ့ါ စာအုပ်စာတမ်းတွေက ပြည်သူတွေက အဲဒါတွေကို မသိနေဘူးပေါ့။ ဆိုတော့ ပြည်သူတွေက အဲလိုမျိုး အခွန်တွေကို ပိုပြီးတော့ ပေးချင်လာတောင် တကယ်ပဲ သူတို့တွေ အခွန်ထမ်းချင်စိတ်ဖြစ်လာအောင် ပညာပေးတဲ့ဟာမျိုးတွေ ဘယ်လိုမျိုး သုံးနေတယ် ဆိုတဲ့ ဟာမျိုးတွေ သူတို့သိအောင် ဘယ်လိုမျိုး လုပ်ရင်ကောင်းမလဲ။ ဆရာမအနေနဲ့ ပြောပေးပါဦး။

ဒေါ်စုမြတ်ထက် (စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်)

အဲဒါကတော့ ကျွန်မတို့မြို့နယ် အခွန်ဦးစီးဌာနကပဲ ဦးဆောင်ပြီး တချို့ဆိုရင် နယ်တွေထဲ ဆင်းတာလည်း တွေ့တယ်။ တချို့ဆိုရင် ရွာတွေထဲထိ ဆင်းပြီးတော့ အခွန်ဆိုင်ရာ ပညာပေးလုပ်ငန်းတွေ လုပ်တယ်။ စီတဇင်ဘတ်ဂျက်ကတော့ သူတို့ကတော့ နိုင်ငံသားတွေရဲ့ တာဝန်အရ အခွန်ဆောင်သင့်တာကို Highlights လုပ်တာပေါ့။ အဲလို အခွန်ဆောင်ခြင်းအားဖြင့်   ပြည်သူလူထုတွေကိုလည်း အစိုးရက ဘယ်လိုဝန်ဆောင်မှုပေးတယ်ဆိုတဲ့ ဘတ်ဂျက်ကို သုံးတာတွေကျတော့ ပညာပေးမှု အားနည်းတယ်။ အဲတော့ ကျွန်မတို့ အတက်နိုင်ဆုံးတော့ ရှင်းပြပါတယ်။ ဒါပေမယ့်လည်း ဌာနဆိုင်ရာ တစ်ခုခုကနေ ဒီဟာကို ပြည်သူလူထုတွေဆီကနေ အသိပညာပေးဖို့တော့ လိုမယ်လို့ထင်တယ်။ အဲဒါမှ ဒီအခွန်ကို ဆောင်ချင်စိတ်ရှိမှာ၊ အခွန်တွေကို ဘယ်လိုမျိုးသုံးတယ်ဆိုတာက လွတ်နေတယ်။ ကျွန်မတို့ဆိုရင် နယ်တွေကို ဆင်းပြီဆိုရင် အမေးခံရတယ်။ အခုဆိုရင် ကျွန်မတို့က ဘတ်ဂျက်နဲ့ဆိုင်တာတွေကို ရှာတယ်။ အသုံးစရိတ်တွေ ဘယ်လိုသုံးတယ်ဆိုတာ ရှင်းပြရတယ်။

အပိုင်း (၁) ကို အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှု့နိုင်ပါသည်။

http://www.mizzimaburmese.com/article/22517

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly