မြန်မာ့အကြိုက် မုန့်ဟင်းခါး

မြန်မာ့အကြိုက် မုန့်ဟင်းခါး

မင်္ဂလာပါ…………….။

ဒီတပတ်တော့ မြန်မာတို့ရဲ့ အသည်းစွဲ မုန့်ဟင်းခါးလေး ချက်စားရအောင်။ ပေစိလက်ရာကနေပြီး လွယ်ကူရိုးရှင်း၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မုန့်ဟင်းခါးချက်နည်းလေး ပြောပြပေးမှာမို့ ဒီတစ်ပတ်ပိတ်ရက်မှာ မုန့်ဟင်းခါးလေးချက်ပြီး ဇိမ်ကျကျနေနိုင်ပါပြီ။ ပေစိလက်ရာကနေ မုန့်ဟင်းခါးချက်ဖို့အတွက် အချိုဓာတ်များပြီး အသားပေါတဲ့ ငါးရံ့နဲ့ ငါးပြေမကို သုံးထားပါတယ်။ ကိုယ်နဲ့ အဆင်ပြေမယ့် ငါးတွေကို စိတ်ကြိုက်သုံးစွဲလို့ ရပါတယ်။

အခု မုန့်ဟင်းခါးချက်ဖို့ လိုအပ်တာလေးတွေ အရင်ပြောပြပါမယ်။

ငါးရံ့ ငါးပြေမ   ၅၀သား (ဗိုက်ခွဲ ကြေးခွံဖယ် ရေဆေးသန့်စင် ပြီး ဆားဆနွင်း ငံပြာရည်နယ်ထားပါ)

ကုလားပဲ ၂၀သား (ညကတည်းက ရေစိမ်ပြီးပွလာရင် ပြုတ်ပြီးတော့ ညက်အောင်ချေထားပါ)

စပါးလင် ၃ပင်  (ထုပြီး အထုံးလေးတွေ လုပ်ထားပါ)

အရောင်တင်မှုန့်  ၃ ကျပ်သား

ကြက်သွန်ဖြူ  အနည်းငယ် (ထောင်းထားပါ)

ကြက်သွန်နီ ၂၅ ကျပ်သား (အခွံခွာ ရေဆေးထားပါ)

ချင်း (အနည်းငယ်)

ငံပြာရည် အနည်းငယ်

ဘဲဥ ၅လုံး (ပြုတ်ပြီး အခွံခွာထားပါ)

ငှက်ပျောအူ အနည်းငယ် ( အနုလေးတွေကို အပေါ်အမျှင်တွေ ဖယ်ပြီး ဆနွင်းနဲ့ ဆားထည့်ဖျော်ထားတဲ့ ရေထဲ ထည့်စိမ်ထားပါ။ ဒါမှ ငှက်ပျောအူက မည်းမသွားမှာပါ)

ဆီ အနည်းငယ်တို့ပဲ ဖြစ်ပါတယ်။

ငါး ၅၀သားနဲ့ ချက်တဲ့ မုန့်ဟင်းရည်ဆိုရင် မုန့်ဖတ် ၂ပိသာလောက် ထည့်စားရလို့ရတဲ့အတွက် မိသားစုများများ သူငယ်ချင်းများများနဲ့ ဝိုင်းဖွဲ့စားဖို့ လောက်လောက်ငင ပါပဲ။

အရင်ဆုံး မုန့်ဟင်းခါးချက်ဖို့ ပြင်ဆင်ကြရအောင်။

အရင်ဆုံး ရေဆေးသန့်စင်ပြီး ဆားဆနွင်း ငံပြာရည် နယ်နှပ်ထားတဲ့ငါးကို အိုးထဲထည့် စပါးလင် ၃ပင် ထုထောင်းထည့်ပါ ။ ချင်းအနည်းငယ်ထည့်ပါ။

ပြီးရင်တော့ ငါးမြှုပ်တဲ့အထိ ရေထည့်ပြီး မီးဖိုမှာ တည်ထားပါ။

ရေခမ်းပြီဆိုရင် ရပါပြီ။ အအေးခံထားပါ၊

ငါးအေးသွားပြီးရင်တော့ အသားနွှင်ထားပါ။ အသားထဲ အရိုးမပါအောင် သတိထားပြီး နွှင်ပါ။

အသားနွှင်ပြီးပြီဆိုရင်တော့  သက်သက်ဖယ်ထားတဲ့ ငါးအရိုးတွေကို ထုထောင်းပြီး ပြန်ပြုတ်ပါ။ ဒါမှ အချိုရည်ရမှာပါ။ ပွက်ပွက်ဆူလာရင်တော့ အရိုးတွေ စစ်ထုတ်ပစ်ပြီး ငါးပြုတ်ရည်ကို ယူထားပါ။

ပြီးရင်တော့ ငါးဆီသတ်ပါမယ်။ အရင်ဆုံး ဆီပူအောင်တည်ပါ။ ဆီပူလာရင်  ကြက်သွန်ဖြူထောင်းကို ဆီသတ်ပါ။ ကြက်သွန်ဖြူ ရဲလာရင် အရောင်တင်မှုန့် ထည့်ပါ။ နှစ်မျိုးစလုံး သမပြီး  မွှေးလာရင် ငါးအသားနွှင်ထားတာ ထည့်ပါ။ သမအောင် ဆီသတ်ပါ။ ငံပြာရည် အနည်းငယ် ထည့်ပြီး ဆီသတ်ပေးပါ။ အကုန်အရသာနှံ့ပြီး ဆီထွက်လာပြီဆိုရင်  မီးဖိုပေါ်က ချပါ၊

ပြီးရင် ငါးပြုတ်ရည်ကို ပွက်အောင်တည်ထားတဲ့အထဲ ကုလားပဲပြုတ်ချေထားတာကို ထည့်ပါ။ ငါးဆီသတ်ကို ထည့်ပြီး တည်ပါ၊ အခုလို တည်ထားတဲ့ အချိန်မှာ အိုးမကပ်အောင်သတိပြုပြီး မွှေပေးပါ။

ဟင်းရည်အိုးတည်ထားတာ နာရီဝက်လောက် ကြာလာပြီဆိုရင် ကြက်သွန်ဥသေးသေးလေးတွေကို ထည့်လို့ရပါပြီ။ ကြက်သွန်ဥလေးတွေ အိပြီပျော်လာလေ မုန့်ဟင်းခါးဟင်းရည်က ချိုလေပါပဲ။ အချိုမှုန့်မသုံးတဲ့သူတွေအတွက် ကြက်သွန်နီက သဘာဝအချိုဓာတ်တွေ ရလို့ မုန့်ဟင်းခါးဟင်းရည် က ရှယ်မှရှယ်ပါပဲ။ ဘေးအိမ်ကတောင် အနံ့ရပြီး သရေကျစေမယ့် မုန့်ဟင်းခါးပါ  ။

ပြုတ်ထားတဲ့ဘဲဥကို ထည့်ပါ။ ဒါမှ အိုးဘဲဥက အရသာဝင်ပြီး စားကောင်းမှာပါ။

ကြက်သွန်နီဥတွေ နူးလာရင် ငှက်ပျောအူလေးတွေ ထည့်ပါ။ အရသာ အပေါ့၊ အငန် မြည်းပြီး လိုအပ်သလို စိတ်ကြိုက် ပြင်ဆင်ပါ။ မုန့်ဟင်းခါးဟင်းရည်က  မီးဖိုပေါ် ကြာကြာ တည်ထားလေ   ကောင်းလေပါပဲ ဒါပေမယ့် အရမ်းကြီး ပြစ်မသွားစေရအောင် ရေရောဖို့နဲ့ အိုးမကပ်ဖို့တော့ သတိပြုရမှာပါ။ 

ငှက်ပျောအူလေး နူးသွားပြီဆိုရင်တော့ အရသာရှယ်ကောင်းတဲ့ မုန့်ဟင်းခါးလေးရပါပြီ။ မိမိကြိုက်နှစ်သက်တဲ့ မုန့်ဖတ် အဆာပလာလေးတွေ ထည့်ပြင်ဆင်စားသောက်လို့ ရပါပြီ။ ငါးရံ့ငါးပြေမတို့နဲ့ ချက်ထားတဲ့ ရိုးရှင်းလွယ်ကူပြီး  အရသာရှိရှိစားနိုင်မယ့် မုန့်ဟင်းခါးလေးပါ။ ငါးရဲ့အချိုရအသာကို အဓိက အခြေခံပြီး  ချက်ထားတဲ့အပြင်  အချိုမှုန့်၊ ဟင်းခပ်မှုန့်တွေ သုံးမထားလို့ ကျန်းမာရေးနဲ့ ညီညွှတ်မှု အတွက်ကတော့ အထူးပြောစရာ မလိုအောင်ပါပဲ။ ဒီအစီအစဉ်ကို စနေနေ့ ညနေတိုင်း တင်ဆက်ပေးမှာဖြစ်တာမို့ တနင်္ဂနွေနေ့ အားလပ်ရက်မှာ တစ်ပျော်တစ်ပါး ချက်ပြုတ်စားနိုင်ကြပါပြီ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly