ကလပ်နှင့် နိုင်ငံအကြား ပွဲကစားခွင့် အငြင်းပွားနေသည့် လီဗာပူးလ်နောက်ခံလူ မက်တစ်ကို ဖီဖာက ပွဲကစားခွင့်ပြု

ကလပ်နှင့် နိုင်ငံအကြား ပွဲကစားခွင့် အငြင်းပွားနေသည့် လီဗာပူးလ်နောက်ခံလူ မက်တစ်ကို ဖီဖာက ပွဲကစားခွင့်ပြု

ဇန်နဝါရီ ၂၁၊ လီဗာပူးလ်။               ။ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ ကျင်းပနေစဉ်အတွင်း ကလပ်နှင့်နိုင်ငံအကြား ပွဲကစားခွင့် အငြင်းပွားနေသည့် မက်တစ်ကို ဖီဖာက လီဗာပူးလ်အသင်းအတွက် ကစားခွင့်ပေးလိုက်သည်။

မက်တစ်သည် နိုင်ငံအသင်း၏ခေါ်ယူမှုကိုငြင်းဆန်ခဲ့သည်ဟု ကင်မရွန်းအသင်းကကြေညာထားပြီး ဖီဖာစည်းမျဉ်းအရ နိုင်ငံအသင်း၏ခေါ်ယူမှုကိုငြင်းဆန်သောကစားသမားသည် ကလပ်အသင်းတွင်လည်း ကစားခွင့်ပိတ်ခံရမည်ဖြစ်သည်။

သို့ဖြစ်ရာ အာဖရိကနိုင်ငံများဖလားပွဲတွင် ကင်မရွန်းအသင်းကစားနေစဉ်အတွင်း မက်တစ်မှာ လီဗာပူးလ်နှင့်ပွဲကစားခွင့်ပိတ် ခံရမည့်အရေးနှင့်ရင်ဆိုင်ခဲ့ရသည်။

အငြင်းပွားနေမှုကိုဖြေရှင်းနိုင်ခြင်းမရှိမီတွင် လီဗာပူးလ်အသင်းသည် မန်ချက်စတာယူနိုက်တက်နှင့်တစ်ဂိုးစီသရေကျသောပွဲ၌ မက်တစ်ကို ချန်လှပ်ထားခဲ့သည်။

ယခုအခါတွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖီဖာသည် အငြင်းပွားနေမှုကို ဖြေရှင်းပေးလိုက်ပြီဖြစ်၍ မက်တစ်သည် လီဗာပူးလ်အသင်း အတွက် ပြန်ကစားပေးနိုင်တော့မည်ဖြစ်သည်။

မက်တစ်သည် ကင်မရွန်းအသင်းအတွက် ၂၀၁၅ ခုနှစ်ကတည်းက ကစားပေးထားခြင်း မရှိဘဲ ဂါဘွန်တွင်ကျင်းပနေသည့် အာဖရိကဖလားပွဲအတွက် ကင်မရွန်းအသင်းအပြီးသတ် ၂၃ ဦးစာရင်းတွင်လည်း ပါဝင်ခြင်း မရှိသူဖြစ်သည်။

ဖီဖာသည် ဖြစ်ရပ်အပေါ်သုံးသပ်စဉ်းစားမှုများပြုလုပ်ပြီးနောက် မက်တစ်ကို လီဗာပူးလ်အသင်းအတွက် ကစားခွင့်ပေးလိုက်ခြင်း ဖြစ်သည်။

Ref; BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly