ရေမဆေးကျောက် ရှာဖွေမှုခွင့် မပြုပါက ဒေသခံများ စားဝတ်နေရေး ခက်ခဲသွားနိုင်ဟု ပြော

ရေမဆေးကျောက် ရှာဖွေမှုခွင့် မပြုပါက ဒေသခံများ စားဝတ်နေရေး ခက်ခဲသွားနိုင်ဟု ပြော
 ခန္တီးမြို့နယ်၊ နန်စီပွန်ဒေသတွင် ရေမဆေးကျောက် ရှာဖွေနေသူများကို တွေ့ရစဉ်။ ဓာတ်ပုံ - အောင်ကိုဦး(မဇ္ဈိမ)

ခန္တီး ၊ ဇန်နဝါရီ ၂၁ ။                      ။ စစ်ကိုင်းတိုင်းဒေသကြီး၊ခန္တီးမြို့နယ်၊နန်စီပွန်ကျောက်စိမ်းမှော်တွင် ရေမဆေးကျောက်ရှာဖွေသူများကို ရှာဖွေခွင့်မပြုပါက ဒေသခံများ၏ စားဝတ်နေရေး ခက်ခဲသွားနိုင်သည်ဟု ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ဝေက ပြောသည်။

ရေမဆေးကျောက်ရှာဖွေသူများမှာ ကျးရွာလေးရွာဖြစ်သည့် နန်စီပွန်(ရွှေပြည်သာကျေးရွာ)၊မကျန်ခ၊နန်ခမာ၊နန်စတောက်(မြကျွန်းသာ)များမှဖြစ်ပြီး အဆိုပါကျေးရွာတို့ရှိ ဒေသခံ ၁၆၀၀ ခန့် စားဝတ်နေရေး၊ ပညာရေးများခက်ခဲသွားနိုင်သည်ဟု ဦးကျော်ဝေက ပြောသည်။

ခန္တီးမြို့နယ်၊စီမံခန့်ခွဲမှုကော်မတီမှ ကျောက်စိမ်းတူးဖော်နေသည့် ကုမ္ပဏီဧရိယာများအတွင်း ရေမဆေးကျောက် ရှာဖွေသူများက ဝင်ရောက်ရှာဖွေနေသည်ဟုဆိုကာ အဆိုပါဒေသမှ   ရေမဆေးကျောက် ရှာဖွေသူများကို ဇန်နဝါရီလ ၁၉ ရက်နေ့နောက်ဆုံးထားဖယ်ရှားပေးရန် ကြေညာချက်ထုတ်ပြန်ထားသည်။

ရေမဆေးကျောက်ရှာဖွေသူများကလည်း ဆက်လက်ရှာဖွေခွင့်ရရန် သက်ဆိုင်ရာအဖွဲ့များဖြင့် ညှိနှိုင်းဆောင်ရွက်မှုများပြုလုပ်လျှက်ရှိသည်။ ညှိနှိုင်းဆောင်ရွက်နေစဉ်အတွင်း ကုမ္ပဏီဘက်မှလည်း   ကျောက်တူးဖော်ခြင်း ရပ်တန့်ထားရန်နှင့် ရေမဆေးကျောက်ရှာဖွေသူများကလည်း ဝင်ရောက်ရှာဖွေမှုကို ရပ်တန့်ထားကာ ၇ ရက်အတွင်း ပြေလည်အောင် ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ကူညီဆောင်ရွက်သူများကဆိုသည်။

ရေမဆေးကျောက် ရှာဖွေနေသူများကို ကူညီဆောင်ရွက်ပေးနေသူများက ရန်ကုန်မြို့တွင် ၈၈ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းဖြင့်ချိတ်ဆက်၍ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ရန်ရှိနေပြီး ယင်းအတွက် ဦးဆောင်သူတစ်ချို့က ရန်ကုန်မြို့ကို ထွက်ခွာသွားပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly