ပါကစ္စတန်စျေးတစ်ခုတွင် ဗုံးပေါက်ကွဲ၊ ၁၃ ဦးသေဆုံးပြီး ၄၇ ဦး ဒဏ်ရာရ

ပါကစ္စတန်စျေးတစ်ခုတွင် ဗုံးပေါက်ကွဲ၊ ၁၃ ဦးသေဆုံးပြီး ၄၇ ဦး ဒဏ်ရာရ

ဇန်နဝါရီ ၂၁ ။                     ။ ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ရှီးအိုက်မျိုးနွယ်စုဝင်များအများစု နေထိုင်ရာ အရပ်ရှိ ဈေးတစ်ခု၌ ဇန်နဝါရီ ၂၁ ရက်က ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး ၁၃ ဦးထက်မနည်းသေဆုံးသွားခဲ့သည်။ အခြား ၄၇ ဦးမှာလည်း ဒဏ်ရာ အသီးသီး ရရှိသွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

အာဖဂန်နယ်စပ်အနီးရှိ Kurram ဒေသမြို့တော် Pharachinar မြို့ရှိ လူစည်ကားရာ ဟင်းသီးဟင်းရွက်ဈေးတစ်ခု၌ ယင်းဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သေဆုံးသူစာရင်းမှာလည်း ထပ်တိုးလာနိုင်သေးကြောင်း တာဝန်ရှိသူများက ပြောထားသည်။

" အနည်းဆုံး ၁၃ ဦးတော့ သေဆုံးသွားခဲ့ပါတယ်၊ ၄၇ ဦး ဒဏ်ရာရတယ်ပေါ့" ဟု အစိုးရအရာရှိတစ်ဦးဖြစ်သည့် Ikramullah Khan က ပြောသည်။

ယခုဖြစ်စဉ်တွင် ဟင်းသီးဟင်းရွက်ထည့်သေတ္တာတစ်ခုတွင် ဝှက်ထားသည့် လက်လုပ်ဖောက်ခွဲရေးပစ္စည်းဖြင့် ဖောက်ခွဲသွားခဲ့ခြင်းလည်း ဖြစ်သည်။

ယခုအခါ ပါကစ္စတန် စစ်တပ်မှ စစ်သားများက ယင်းနေရာတစ်ဝိုက်ကို ပိတ်ဆို့ကာ လက်သည်တရားခံကို ရှာဖွေနေလျက်ရှိသည်။

Kurram ဒေသမှာ ပါကစ္စတန်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစ်စိတ်တစ်ဒေသရ မျိုးနွယ်စုဒေသတစ်ခုဖြစ်သည်ဟု သိရပြီး ဆွန်နီ နှင့် ရှီးအိုက် မျိုးနွယ်စုနှစ်စုကြား ဂိုဏ်းဂဏ တိုက်ပွဲများ   ဖြစ်ထားခဲ့သည့် ဒေသတစ်ခုဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags