မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ဘူတန်နှင့် အိန္ဒိယတို့ကြား မီးရထားလမ်းဖောက်မည်ဟု အိန္ဒိယရထားဝန်ကြီး ပြော

မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ဘူတန်နှင့် အိန္ဒိယတို့ကြား မီးရထားလမ်းဖောက်မည်ဟု အိန္ဒိယရထားဝန်ကြီး ပြော

ဇန်နဝါရီ ၂၁ ။                         ။   မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ဘူတန် နှင့် အိန္ဒိယတို့အကြား မီးရထားလမ်းဖောက်ရန် စီစဉ်နေလျက်ရှိကြောင်း အိန္ဒိယ ဘက်မှ တာဝန်ရှိတစ်ဦးက အတည်ပြုပြောကြားသွားခဲ့သည်။

မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံလေးနိုင်ငံနှင့် အကြား ရထားလမ်း သွယ်တန်းဖောက်လုပ်ရေးကိစ္စကို စီစဉ်နေလျက်ရှိပြီး ယခုအခါ အိန္ဒိယရထားပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ယူနက်စကိုတို့အကြား သဘောတူညီချက်တစ်ခုကိုလည်း လက်မှတ်ရေးထိုးခဲ့ကြောင်း အိန္ဒိယ မီးရထား ဝန်ကြီး Suresh Prabhu က ပြောသွားသည်။

" ကျွန်တော်တို့မှာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါနဲ့ ဘူတန် တို့လို အိမ်နီးချင်းနိုင်ငံတွေ ရှိနေပါတယ်၊ အဲဒီနိုင်ငံတွေ အားလုံးနဲ့လည်း ရင်းနှီးချစ်ကြည်တဲ့ ဆက်ဆံရေးတွေ တည်ဆောက်ထားနိုင်ပါတယ်၊ ဒီလိုပဲ ဒီနိုင်ငံတွေနဲ့ ကျွန်တော်တို့အကြား မီးရထားဆက်သွယ်ရေးလမ်းကြောင်းကို တိုးချဲ့နိုင်ဖို့ ဆန္ဒရှိပါတယ်၊ ဒါကို ခုလုပ်ဖို့ ကြိုးစားနေပါပြီ" ဆိုပြီး Prabhu က သတင်းထောက်များကို   ပြောကြားသွားသည်။

" ဒီနိုင်ငံတွေအားလုံးနဲ့သာ တစ်ပြေးညီ ချိတ်ဆက်နိုင်မယ်ဆိုရင် အပြန်အလှန်ဆက်သွယ်ပေါက်ရောက်မှု၊ ခရီးသွားလုပ်ငန်း၊ ကုန်သွယ်မှု၊ အလုပ်အကိုင်ခန့်ထားမှုနဲ့ လမ်းပန်းဆက်သွယ်မှု စတဲ့အပိုင်းတွေမှာ တိုးတက်လာတော့မှာဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားသည်။

အလားတူ အရှေ့မြောက် ပြည်နယ်များအားလုံးက မြို့တော် ရှစ်ခုအကြား ချိတ်ဆက် ဆက်သွယ်နိုင်ရန် လုပ်ဆောင်နေလျက်ရှိသည့်အတွက် ဒေသတွင်း ခရီးသွားလုပ်ငန်းပိုင်းတွင်လည်း ပိုမိုတိုးတက်လာရန် ရှိနေကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြားသည်။

သစ်သီးဝလံပန်းမန်များ၊ ပန်းအလှပင်များ၊ လက်မှုပညာပစ္စည်းများသည်လည်း ဒေသတွင်း၌ ဈေးကွက်ကြီးတစ်ခု ဖြစ်လာရန် ရှိနေကြောင်း အိန္ဒိယ မီးရထားဝန်ကြီးက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags