စတီဗင်ဂျရတ်ကို လူငယ်အသင်းနည်းပြအဖြစ် လီဗာပူးလ်ခန့်အပ်

စတီဗင်ဂျရတ်ကို လူငယ်အသင်းနည်းပြအဖြစ် လီဗာပူးလ်ခန့်အပ်

ဇန်နဝါရီ ၂၁၊ လီဗာပူးလ်။           ။ လီဗာပူးလ်နှင့် အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း စတီဗင်ဂျရတ်သည် ပရီးမီးယားလိဂ်ကလပ်လီဗာပူးလ်သို့ လူငယ်အသင်း နည်းပြအဖြစ် ပြန်လာမည်ဖြစ်သည်။

၁၉၉၈ တွင် လီဗာပူးလ်ကစားသမားဘဝစတင်ခဲ့သည့် အသက် ၃၆ နှစ်အရွယ်ဂျရတ်သည် လူငယ်အသင်းနည်းပြအဖြစ် ဖေဖော်ဝါရီတွင် စတင်တာဝန်ယူမည်ဖြစ်သည်။

ကွင်းလယ်ကစားသမားသည် ၂၀၁၄-၁၅ ဘောလုံးရာသီတွင် လီဗာပူးလ်မှထွက်ခွာပြီး အမေရိကန်မေဂျာလိဂ်ကလပ် အယ်လ်အေ ဂလက်ဇီသို့ပြောင်းရွှေ့ခဲ့ကာ ပြီးခဲ့သည့်နိုဝင်ဘာတွင် ၁၉ နှစ်သက်တမ်းရှိကစားသမားဘဝမှ အနားယူခဲ့သည်။

“မူလအစနေရာကိုပြန်ရောက်ခဲ့လို့ စက်ဝိုင်းတစ်ပတ်ပြည့်သလို ခံစားရပါတယ်။ ဒါပေမဲ့လည်း စိတ်လှုပ်ရှားမှုကိုအခြေခံပြီး ဆုံးဖြတ်ခဲ့တာမဟုတ်ပါဘူး။ ကျွန်တော်ဘာလုပ်ပေးနိုင်မလဲ၊ ဘာကူညီပေးနိုင်မလဲဆိုတဲ့အပေါ်မှာ မူတည်ခဲ့တာပါ။

ကျွန်တော်ဒီကိုပြန်လာတာဟာ အမှန်တကယ်ရှိနေတဲ့၊ လိုအပ်နေတဲ့နေရာအတွက်ဖြစ်ဖို့ကို သတိကြီးကြီးထားစဉ်းစားခဲ့ပါတယ်။ ဒီအလုပ်ဟာ လူငယ်တွေတိုးတက်ဖို့အရေးပါတဲ့အချိန်အပိုင်းအခြားမှာ ကျွန်တော့်ရဲ့ဗဟုသုတတွေ၊ အကြံဉာဏ်နဲ့ အတွေ့အကြုံတွေဝေမျှပေးနိုင်မှာဖြစ်တဲ့အပြင် ကျွန်တော့်အတွက်လည်း နည်းပြတစ်ယောက်ဖြစ်လာဖို့သင်ယူခွင့်ရမယ့် အခွင့်အလမ်းတွေရရှိမှာပါ”ဟု ဂျရတ်ကပြောသည်။

ဂျရတ်သည် ဂလက်ဇီမှထွက်ခွာစဉ်က လိဂ်-၁ကလပ် အမ်ကေဒွန်းစ်အသင်း၏နည်းပြအဖြစ်ကမ်းလှမ်းခံရသော်လည်း နည်းပြလုပ်ရန်စောလွန်းနေသေးသည်ဟု အကြောင်းပြကာ ငြင်းဆန်ခဲ့သည်။

ဂျရတ်သည် လီဗာပူးလ်အသင်းအတွက်ပွဲပေါင်း ၇၁၀ ကစားပြီး ဖလားကိုးလုံးရရှိခဲ့သည်။ အင်္ဂလန်အသင်းအတွက်လည်း ၁၁၄ ပွဲ ကစားပြီး စတုတ္ထပွဲအများဆုံးကစားသမားဖြစ်ခဲ့ကာ အဓိကပြိုင်ပွဲခြောက်ခုကစားခဲ့ရာ သုံးခုတွင် အသင်းခေါင်းဆောင်ဖြစ်ခဲ့သည်။

Ref; BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly