ရွေးကောက်ပွဲ ရှုံးသော်လည်း နေရာမဖယ်ပေးသည့် ဂမ်ဘီယာသမ္မတ အာဏာစွန့်ကာ ပြည်ပထွက်ခွာရန် သဘောတူ

ရွေးကောက်ပွဲ ရှုံးသော်လည်း နေရာမဖယ်ပေးသည့် ဂမ်ဘီယာသမ္မတ အာဏာစွန့်ကာ ပြည်ပထွက်ခွာရန် သဘောတူ

ဘန်ဂျူး၊ ဇန်နဝါရီ ၂၁ ။              ။ ဂမ်ဘီယာသမ္မတ ရာဟာဂျာမေးက ရာထူးက ဆင်းပေးကာ နိုင်ငံတွင်းက ထွက်ခွာသွားမည်ဖြစ်ကြောင်း စေ့စပ်ညှိနှိုင်းရာတွင် ပါဝင်သည့် တာဝန်ရှိသူများက ဆိုသည်။

ရွေးကောက်ပွဲတွင် ရှုံးနိမ့်သော်လည်း ရာထူးက ဆင်းမပေးသည့် သမ္မတဂျာမေးနှင့် အနောက်အာဖရိကမှ ကြားဝင်ဖြန်ဖြေသူများက ၎င်း၏ အနာဂတ်နှင့် ပတ်သက်ကာ ဇန်နဝါရီ ၂၀ ရက်က   ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ကြားဝင်ဖြန်ဖြေပေးကြသည့် ဂီနီနှင့် မော်ရီတေးနီးယားနိုင်ငံက သမ္မတတို့၏ ယာဉ်တန်းများက ဂမ်ဘီယာသမ္မတအိမ်တော်မှ ထွက်ခွာသွားကြပြီဖြစ်သည်။ သို့သော်လည်း နိုင်ငံတွင်းက ထွက်ခွာကြသေးဟန် မရှိပေ။

ဂျာမေးသည် ဒီဇင်ဘာရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ခြင်းဖြစ်ကာ အဒါမာဘာရိုးက ရွေးကောက်ပွဲအနိုင်ရထားသည်။

ဂျာမေးသည် ရာထူးက ဆင်းပေးကာ ပြည်ပထွက်ခွာရန် သဘောတူကြောင်း သမ္မတသစ် ဘာရိုး၏ အကြီးတန်းလက်ထောက်ဖြစ်သူ မေးဖတ်တီက တွစ်တာတွင်  ရေးသားခဲ့သော်လည်း  နောက်ပိုင်း   ပြန်ဖျက်သွားသည်။

သို့သော် ဘီဘီစီသို့ ပြောရာတွင်မူ ဂျာမေး ရာထူးက ဆင်းပေးရန် သဘောတူပြီဖြစ်ကြောင်းကို ၎င်းက အတည်ပြုသည်။

ဂျာမေးမှာ နိုင်ငံတွင်းက ထွက်ခွာရန် မူအားဖြင့် သဘောတူပြီးဖြစ်သော်လည်း ၎င်းတို့အဖွဲ့များက ပြင်တုန်းဆင်တုန်းပင် ရှိနေသေးကြောင်း အေအက်ဖ်ပီသတင်းက ဖော်ပြသည်။

သမ္မတသစ် ဘာရိုးက ပြည်ပထွက်ပြေးနေရသည့် ဂမ်ဘီယာပြည်သူများအနေဖြင့် နိုင်ငံသို့ ပြန်လာရန် လွတ်လပ်ပြီဖြစ်ကြောင်း ပြောခဲ့သည်။

ဘာရိုးသည် အိမ်နီးချင်းနိုင်ငံဖြစ်သော ဆီနီဂေါတွင် ရောက်ရှိနေခြင်းဖြစ်ပြီး ၎င်း၏ သမ္မတအဖြစ် ကျမ်းသစ္စာဆိုမှုကို ဆီနီဂေါရှိ ဂမ်ဘီယာသံရုံးတွင် ဇန်နဝါရီ ၁၉ ရက်က ပြုလုပ်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly