“ကိုယ်စားလှယ် မစစ်မှန်လို့ သတ္တိနည်းလွန်းတဲ့ လွှတ်တော် အမတ်တွေ”

“ကိုယ်စားလှယ် မစစ်မှန်လို့ သတ္တိနည်းလွန်းတဲ့ လွှတ်တော် အမတ်တွေ”

ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ “လွှတ်တော်ကိုယ်စားလှယ် တာဝန်မှပြန်လည် ရုပ်သိမ်းခြင်း ဆိုင်ရာဥပဒေကြမ်း” ပြဋ္ဌာန်းနိုင်ရေး ကိစ္စ ဆွေးနွေးခဲ့ကြပါတယ်။ ဒီ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာရော အမျိုးသား လွှတ်တော် မှာပါ ဆွေးနွေးခဲ့ကြပြီး သဘောထား ကွဲလွဲမှုတချို့ ရှိခဲ့ပါတယ်။

လက်ရှိ ပြည်ထောင်စုလွှတ်တော် ထဲမှာ လုပ်ဖို့လိုတာက သဘောကွဲလွဲတာတွေကို ဆွေးနွေးပြီးရင် မဲခွဲအတည်ပြု ဆုံးဖြတ်ဖို့ပါပဲ။ ဒါပေမယ့် တကယ့်လက်တွေ့ အဲဒီအခြေအနေ ရောက်မလာသေးပါဘူး။

ဒီ ဥပဒေကြမ်းဟာ ဘယ်လို ဥပဒေကြမ်းလဲ၊ သူ့ရဲ့နောက်ခံက ဘာလဲ၊ ဒီ ဥပဒေကြမ်း ပြဋ္ဌာန်းရေးနဲ့ ပတ်သက်ပြီး လွှတ်တော် ဘက်က ဘယ်လို သဘောထားနေကြပါသလဲဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွား ပါ့မယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၆ နဲ့ ၃၉၇ မှာ ခုလိုဖော်ပြထားပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တာဝန်မှပြန်လည် ရုပ်သိမ်းခြင်း ၃၉၆။

(က) လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို အောက်ပါအကြောင်းတစ်ရပ်ရပ်ကြောင့် တာဝန်မှပြန်လည် ရုပ်သိမ်းခွင့်ရှိသည်။

(၁)  နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊

(၂) ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊

(၃) အကျင့်သိက္ခာ ပျက်ပြားခြင်း၊

(၄) ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သတ်မှတ်ထားသည့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် အရည်အချင်း ပျက်ယွင်းခြင်း၊

(၅) ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်း။

( ခ ) သက်ဆိုင်ရာမဲဆန္ဒနယ်၏ မူလမဲဆန္ဒရှင်များအနက် အနည်းဆုံး တစ်ရာခိုင်နှုန်းတို့က တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုသော လွှတ်တော်ကိုယ်စားလှယ်နှင့် ပတ်သက်သည့် တိုင်တန်းချက်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရမည်၊

( ဂ ) ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးရမည်၊

(ဃ) စွပ်စွဲချက်ကိုစုံစမ်းစစ်ဆေးသည့်အခါ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ် ကိုယ်တိုင် သော်လည်းကောင်း၊ ကိုယ်စား လှယ်ဖြင့် သော်လည်းကောင်း ချေပခွင့် ပေးရမည်၊

( င ) ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထိုစွပ်စွဲချက်သည် မှန်ကန်ပြီး စွပ်စွဲခံရသူသည် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်လက်ထမ်းရွက်စေရန် မသင့်ကြောင်း သဘောရရှိ လျှင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ဥပဒေနှင့် အညီဆောင်ရွက်ရမည်။

၃၉၇။ ပြည်ထောင်စုလွှတ်တော်သည် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ တာဝန် မှပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍ လည်းကောင်း လိုအပ်သော ဥပဒေများကို ပြဋ္ဌာန်းရမည်။

ဆိုပြီး ဖော်ပြထားပါတယ်။ အဓိပ္ပာယ်ကတော့ ရှင်းပါတယ်။ ပြည်သူတွေက ရွေးကောက် တင်မြှောက်ထားသူတွေ အနေနဲ့ တစ်စုံတစ်ရာ အကျင့်သိက္ခာ ပျက်ယွင်းတယ်ဆိုရင် ဒီမိုကရေစီ နည်းအရ ပြည်သူတွေကနေ ပြန်လည်ဖြုတ်ချ ပိုင်ခွင့်ပေးထား တာပါ။ ဒါပေမယ့်လည်း အရင် စစ်အစိုးရက ဒီဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက်ကို အကောင်အထည်ဖော်မယ့် ဥပဒေတစ်ရပ်ရပ်ကို ကြိုတင်ရေးဆွဲမသွားဘဲ ၂၀၁၁ မှာ ပေါ်လာမယ့် လွှတ်တော်ကို တာဝန်ပေးသွားခဲ့တာ ဖြစ်ပါ တယ်။

ခုဆိုရင် လွှတ်တော်သက်တမ်း ၄ နှစ်ကျော် ရှိလာပါပြီ။ မကြာခင် ရွေးကောက်ပွဲ ကျင်းပပြီး နောက်ထပ် လွှတ်တော်အသစ် တစ်ခုတောင် ပေါ်ပေါက်လာပါတော့မယ်။ ဒီလောက် အချိန်တွေ ကြာခဲ့တဲ့တိုင်အောင် လွှတ်တော်ကြီးဟာ အခြားဥပဒေပေါင်း များစွာကို ပြဋ္ဌာန်းခဲ့ပါလျက် ဒီ ဥပဒေ ကိုကျမှ ဘာကြောင့် မပြဋ္ဌာန်းဘဲ ထားခဲ့ရသလဲ ဆိုတာပါ။

ပြောရရင်လွှတ်တော်အမတ်တွေဟာ ကိုယ်ဟာ ဥပဒေပြုရေး မဏ္ဍိုင်ကို ကိုင်ထားရတယ်ဆိုပြီးအခြား မဏ္ဍိုင်တွေကို ထိန်းကျောင်း လိုက်၊ တစ်ခါတစ်ရံ ထိုးနှက်လိုက်၊ တစ်ခါ တစ်ရံ တိုက်ခိုက်လိုက် လုပ်နေရင်း ကိုယ့်ကိုယ် ပြန်ထိန်းကျောင်းမယ့် စနစ်တစ်ခု၊ ဥပဒေ တစ်ခုကိုတော့ မလိုလားဘူးဆိုတဲ့ အဓိပ္ပာယ်ကိုပဲ တွေ့နေရပါတယ်။ မင်းတို့အတွက်တော့ ဒီမိုကရေစီ၊ ငါတို့အတွက်တော့ အာဏာရှင်ဆိုတဲ့ အဓိပ္ပာယ်မျိုးပါ။

ပြီးခဲ့တဲ့ ဖြစ်စဉ်တွေကို ပြန်ဆန်းစစ်ကြည့်ရင် လွှတ်တော်ဟာ လက်ရှိ ဖွဲ့စည်းပုံမှာ အလွန့်အလွန် အရေးပါတဲ့၊ မဏ္ဍိုင်တွေ အားလုံး ကိုတောင် ထိန်းညှိပေးနိုင်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံး တစ်ခုလုံးကိုတောင် စွပ်စွဲပြစ်တင်တဲ့ကိစ္စ လုပ်ခဲ့ဖူးပါသေး တယ်။

ဒါဟာ အတော်လေးကို ကြီးကျယ်တဲ့ ကိစ္စပါ။ အဲဒီနောက်ပိုင်း ဖွဲ့စည်းပုံ ခုံရုံးဆိုင်ရာ ဥပဒေတွေကို လွှတ်တော်ဘက်က ပြင်ဆင် လိုက်တာ၊ ပြင်ဆင်ပြီးနောက်မှ ခုံရုံးအသစ်ဖွဲ့တာ လုပ်ထားလေတော့ အဲဒီ ခုံရုံးဟာလည်း အတော်လေးကို စွမ်းအားမရှိတဲ့ ခုံရုံး ဖြစ်နေပါပြီ။ ဒီလိုနည်းနဲ့ လွှတ်တော် အမတ်တချို့ဟာ လွှတ်တော်ရဲ့ အထက်မှာ ဘယ်သူမှမရှိ၊ မိုးကောင်းကင်ကြီးပဲ ရှိတော့တယ် ဆိုတာမျိုးအထိ ကြွေးကြော်လာတာ ဖြစ်ပါတယ်။

တကယ်တော့ ဒီမိုကရေစီစနစ်ဆိုတာဟာ မဏ္ဍိုင်တွေ တစ်ခုနဲ့ တစ်ခု ထိန်းကျောင်းကြ ရတာမျိုးပါ။ ဘယ်အရာကိုမှ အထီးတည်း လွှတ်ပေး၊ အထူးအခွင့်အရေး ပေးထားတာမျိုး မရှိစေရပါဘူး။ လက်ရှိ အခြေအနေမှာ နိုင်ငံတော် သမ္မတတွေ၊ ဒုသမ္မတတွေ ကိုတောင် လွှတ်တော်က စွပ်စွဲ ပြစ်တင်နိုင်ခွင့် ရနေပါတယ်။ ဒါပေမယ့် ထူးခြားတာကတော့ ဘယ်လွှတ်တော် အမတ် တစ်ယောက်ကိုမှ သူ့အမတ်တာဝန်ကနေ ပြန်ရုပ်သိမ်းနိုင်ဖို့ ဥပဒေ ရှိမနေခြင်းပါ။

ဒီ ဥပဒေကို ပြဋ္ဌာန်းခဲ့ဖို့ လွှတ်တော်ဘက်က ပျက်ကွက်ခဲ့တာ၊ အချိန်ဆွဲခဲ့တာ၊ ဒီကနေ့ အချိန်ထိ အကောင်အထည် မဖော်ခဲ့တာ ဟာ ရှင်းရှင်းပြောရရင် ဒီမိုကရေစီစနစ်အရ အပြန်အလှန် ထိန်းကျောင်းမှုကို မလိုလားဘူးလို့ပဲ စွပ်စွဲရပါလိမ့်မယ်။ အခုနောက်ဆုံး ဥပဒေကို ဆွေးနွေး၊ မဲခွဲဆုံးဖြတ်ရတော့မယ့် အချိန်ရောက်တာတောင် ပြည်ခိုင်ဖြိုး အမတ်တွေဟာ ဒီ ဥပဒေကို ပြဋ္ဌာန်းလိုက်ရင်ပဲ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲသွားမယောင်ယောင်၊ အမတ်တစ်တွေ ကို ဖြုတ်ချဖို့ လုပ်ကိုင်ရင်း ပါတီတွေ တိုက်ကြခိုက် ကြတော့မယောင် ကယောင်ကတမ်းတွေ ပြောဆိုနေကြတာလည်း မြင်တွေ့ကြားသိရပါတယ်။

အဖြစ်နိုင်ဆုံး အချက်ကတော့ လက်ရှိ လွှတ်တော်ထဲက ပြည်ခိုင်ဖြိုး အမတ်တွေ ဆိုတာဟာ ၂၀၁၀ ရွေးကောက်ပွဲတုန်းက တကယ့်ကို ပြည်သူတွေရဲ့ မဲဆန္ဒ အစစ်အမှန်နဲ့ တက်လာခဲ့သူတွေ မဟုတ်လို့ ကိုယ့်ကိုယ်ကိုယ် စိုးရိမ်နေတာလား ဆိုပြီးေျမးခွန်း ထုတ်နိုင်ပါတယ်။

နောက် ဖြစ်နိုင်ခြေ တစ်ခုက ဂိုဏ်းဂဏ ပြဿနာပါ။ ဖွဲ့စည်းပုံအရ အမတ်တစ်ယောက်ကို ပြန်ဖြုတ်ချဖို့ တိုင်တန်းနိုင်သူဟာ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေက ပြည်သူ တစ်ရာခိုင်နှုန်း ဖြစ်ပေမယ့် ဒါကို စိစစ်၊ အဆုံးအဖြတ်ပေးမယ့် အဖွဲ့အစည်း ဟာရွေးကောက်ပွဲ ကော်မရှင်ပါ။

အားလုံးသိကြပြီး ဖြစ်တဲ့အတိုင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးဟာ သမ္မတ ဦးသိန်းစိန်နဲ့ နီးစပ်သူလို့ သတင်းတွေ ထွက်ပေါ်နေပြီး ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်မှာ တာဝန်ယူနေသူတွေ အားလုံးလိုလိုလောက်ဟာ တပ်မတော် အရာရှိဟောင်းတွေ ဖြစ်နေတဲ့ ကိစ္စပါ။

လက်ရှိ လွှတ်တော်ထဲမှာ တန်ခိုးထွားနေသူ ပြည်ခိုင်ဖြိုး အမတ်တွေနဲ့ ရွေးကောက်ပွဲ ကော်မရှင်ဟာ ပြည်ခိုင်ဖြိုးပါတီတွင်း အကွဲအပြဲဇာတ်လမ်းထဲ ပါဝင် ကပြနေကြသူတွေဖြစ်ပြီး လွှတ်တော်ထဲက ပြည်ခိုင်ဖြိုး အမတ်တွေဟာ အဲဒီအချက်ကို အလွန်ကြောက်ရွံ့နေပုံ ရပါတယ်။

အခုလို “ လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း” ကို မပြဋ္ဌာန်းပါနဲ့ဆိုပြီး အကြောက် အကန် ပြောဆိုနေတဲ့ အမတ်တွေဟာ ဒီ လွှတ်တော်သက်တမ်းမှာ တင် ပြည်သူတွေရဲ့ ပြန်ဖြုတ်ချတာ ခံရပြီးနောက်သက်တမ်း အတွက် ဝင်ပြိုင်ခွင့် မရမှာကို စိုးရိမ်ပူပန်နေလို့လည်း ဖြစ်နိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags