၄၅ ယောက်မြောက် အမေရိကန်သမ္မတအဖြစ် ဒေါ်နယ်ထရမ့် ကျမ်းသစ္စာဆို၊ ဆန္ဒပြမှုများကြောင့် ဖမ်းဆီးမှုများရှိ

၄၅ ယောက်မြောက် အမေရိကန်သမ္မတအဖြစ် ဒေါ်နယ်ထရမ့် ကျမ်းသစ္စာဆို၊ ဆန္ဒပြမှုများကြောင့် ဖမ်းဆီးမှုများရှိ

ဝါရှင်တန်ဒီစီ၊ ဇန်နဝါရီ ၂၁ ။           ။ ရီပတ်ဘရီကန်ပါတီမှ ရွေးကောက်ပွဲအနိုင်ရထားသူ အိမ်ခြံမြေလုပ်ငန်းရှင်ကြီး ဒေါ်နယ်ထရမ့်က ၄၅ ယောက်မြောက် အမေရိကန်သမ္မတအဖြစ် ဇန်နဝါရီ ၂၀ ရက်တွင် ကျမ်းသစ္စာဆိုသည်။

ဝါရှင်တန်ဒီစီရှိ ကက်ပီတယ်အဆောက်အအုံရှေ့တွင် ကျမ်းကျိန်ပွဲကို ကျင်းပပြုလုပ်ပြီး ဒေါ်နယ်ထရမ့်က သမ္မတအဖြစ်လည်းကောင်း၊ မိုက်ပန်စီက ဒုတိယသမ္မတအဖြစ်လည်းကောင်း   လေးနှစ်တာ သက်တမ်းအတွက် စတင်တာဝန်ယူပြီဖြစ်သည်။

ဒေါ်နယ်ထရမ့်က ကျမ်းသစ္စာဆိုပြီးနောက် ၁၆ မိနစ်ခန့် မိန့်ခွန်းပြောကြားသည်။ ၎င်း၏ မိန့်ခွန်းတွင် ရှေးဦးစွာ တရားသူကြီးချုပ် ရောဘတ်၊ သမ္မတ ကာတာ၊ သမ္မတ ကလင်တန်၊ သမ္မတ ဘုရှ်၊ သမ္မတ အိုဘားမား၊ အမေရိကန်ပြည်သူများနှင့် ကမ္ဘာ့ပြည်သူများကို ကျေးဇူးတင်ကြောင်း ပြောသည်။

“အမေရိကန်ရဲ့ ဆိုးကျိုးသံသရာ ဒီနေရာ ဒီအချိန်မှာ အဆုံးသတ်ပြီ။”ဟု ထရမ့်က ပြောသည်။

နိုင်ငံတွင်းမှ ထွက်ခွာသည့် လုပ်ငန်းကော်ပိုရေးရှင်း၊ ရာဇဝတ်မှု ထူပြောခြင်းများနှင့် ပညာရေးစနစ်ချို့တဲ့မှုများကို ပြောပြီး ၎င်း၏ သက်တမ်းတွင် အပြောင်းအလဲများ ဖော်ဆောင်မည်ဖြစ်ကြောင်း ဆိုသည်။

အမေရိကန်တွင် ပြည်သူအာဏာအား ဖော်ဆောင်ပေးမည်ဟုလည်း ကတိကဝတ်ပြုပြောသည်။

အဆိုပါ ထရမ့်၏ ကျမ်းကျိန်ပွဲသို့ ထောက်ခံသူပေါင်း ထောင်ပေါင်းများစွာက ဝါရှင်တန်မြို့လယ်က အမျိုးသားပန်းခြံမှနေ၍ လာရောက်ကြည့်ရှုကြသည်။

ကျမ်းသစ္စာဆိုပြီးနောက် ကက်ပီတယ်အဆောက်အအုံမှ အိမ်ဖြူတော်သို့ ထုံးတမ်းစဉ်လာအတိုင်း ကျမ်းသစ္စာဆိုလျှောက်လှမ်းမှုအဖြစ် ထရမ့်က လမ်းလျှောက်ကာ အိမ်ဖြူတော်အထိ   လျှောက်လှမ်းသွား ခဲ့သည်။

ထရမ့်၏ ကျမ်းသစ္စာဆိုမှုနှင့်အတူ ကန့်ကွက်ဆန္ဒပြမှုများကလည်း တစ်ချိန်တည်း တပြိုင်တည်း ဖြစ်ပွားပေါ်ပေါက်သည်။

ဝါရှင်တန်ရှိ ထရမ့်ဟိုတယ်ရှေ့တွင် ကန့်ကွက်သူများက စုရုံးဆန္ဒပြကြသည်။ ဆူပူမှုအဆင့်ထိ ရှိသည်။ ဖမ်းဆီးမှုများလည်းရှိခဲ့သည်။

ဂိုးဒင်းဂိတ်တံတားတွင်လည်း ဆန္ဒပြမှုများ ဖြစ်ပွားကြောင်း ကြားသိရသည်။ စီအင်န်အင်န်သတင်းတစ်ရပ်တွင် ထရမ့်၏ ကက်ပီတယ်အဆောက်အအုံမှ အိမ်ဖြူတော်သို့ လျှောက်လှမ်းရာလမ်းကြောင်းနှင့် အပြိုင် ကက်ပီတယ်အဆောက်အအုံဝန်းကျင်နားမှ အိမ်ဖြူတော်နားအထိ လမ်းကြောင်းတွင် ချီတက်ဆန္ဒပြကြသည်။

ထရမ့်အား ဆန့်ကျင်သည့် ဆန္ဒပြပွဲများက နိုင်ငံတွင်းသာမက ပြည်ပနိုင်ငံအချို့တွင်လည်း ပေါ်ပေါက်သည်။ ဟောင်ကောင်တွင် အမေရိကန်ကောင်စစ်ဝန်ရုံးရှေ့ နိုင်ငံခြားသားတစ်ဦးက ကိုယ့်ကိုကို ဝင်းတံခါးနှင့် တွဲချည်ကာ ဆန္ဒပြသည်။

ဂျာမနီနိုင်ငံ ဘာလင်တွင်လည်း ဆန္ဒပြမှုဖြစ်ပွားကြောင်း သိရသည်။ အာဂျင်တီးနားနိုင်ငံ ဗျူနိုအေရစ်မြို့တော်တွင် အမေရိကန်အလံအား မီးရှို့သည်အထိ ဆန္ဒပြမှုဖြစ်ကြောင်း   အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly