အီတလီငလျင်တွင် ဆီးနှင်းပြိုရာမှ ပျက်စီးခဲ့သည့် ဟိုတယ်အတွင်း အသက်ရှင်လျက် ခြောက်ဦးကို နှစ်ရက်အကြာတွင် တွေ့ရှိ

အီတလီငလျင်တွင် ဆီးနှင်းပြိုရာမှ ပျက်စီးခဲ့သည့် ဟိုတယ်အတွင်း အသက်ရှင်လျက် ခြောက်ဦးကို နှစ်ရက်အကြာတွင် တွေ့ရှိ

ရောမ၊ ဇန်နဝါရီ ၂၀ ။            ။ အီတလီနိုင်ငံတွင် ဇန်နဝါရီ ၁၈ ရက်က ငလျင်လှုပ်၍ ဆီးနှင်းထုများပြိုကျကာ ပျက်စီးသွားသည့် ဟိုတယ်အတွင်းမှ အပျက်အစီးနှင့် ဆီးနှင်းများအောက်တွင် ပိတ်မိနေသည့် အသက်ရှင်လျက် လူခြောက်ဦးကို ဇန်နဝါရီ ၂၀ တွင် တွေ့ရှိသည်။

ဟိုတယ်အပျက်အစီးနှင့် ဆီးနှင်းများ အောက်တွင် လူခြောက်ဦး အသက်ရှင်လျက်ရှိကြောင်းကို တွေ့ရှိကြောင်း ကယ်ဆယ်ရေးသမားများက ပြောသော်လည်း ဆွဲထုတ်ယူနိုင်ခြင်း မရှိသေးပေ။ အသက်ရှင်သူများတွင် မိန်းကလေးငယ်တစ်ဦးပါကြောင်း အီတလီမီဒီယာများက ဖော်ပြသည်။

“သူတို့တွေ အသက်ရှင်လျက် ရှိနေပါတယ်။ ကျွန်တော်တို့ သူတို့ကို ကယ်ထုတ်နိုင်ရေး လုပ်ဆောင်နေပါတယ်။”ဟု မီးသတ်ဌာန ပြောရေးဆိုခွင့်ရှိသူ လူကာကာရီက ရိုက်တာသတင်းသို့ ပြောသည်။

အဆိုပါ ဟိုတယ် ဆီးနှင်းပိကာ ပြိုကျမှုအတွင်း လူလေးဦး သေဆုံးကြောင်း အတည်ပြုနိုင်ပြီး ၂၀ နီးပါးက ပျောက်ဆုံးနေဆဲဖြစ်သည်။ ခက်ခဲသည့် အခြေအနေတွင် ကယ်ဆယ်ရေးများကို ဆက်လက်လုပ်ဆောင်နေရသည်။ ဟိုတယ်တွင် တည်းခိုသူစာရင်း၌ ကလေးများလည်း ပါဝင်ကြောင်း သိရသည်။

ငလျင်ကြောင့် ပြိုကျသည့် ဆီးနှင်းများက ဟိုတယ်ကို ပျက်စီးစေကာ ထုနှင့်ထည်နှင့် ဖုံးလွှမ်းနေခြင်းလည်းဖြစ်သည်။

ဇန်နဝါရီ ၁၈ ရက်က နိုင်ငံအလယ်ပိုင်းတွင် အားပြင်းငလျင်များ ဆက်တိုက်လှုပ်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံအလယ်ပိုင်းက ရီဂိုပီယာနို တောင်ပေါ်ဟိုတယ်သည် ငလျင်ကြောင့် ပြိုကျသည့် ဆီးနှင်းများ ပိကျပျက်စီးမှုဖြစ်ခဲ့သည်။ ဟိုတယ်အတွင်း ပိတ်မိနေသူ လူ ၃၀ ခန့်ရှိရာ ၎င်းတို့မှာ သေဆုံးဖွယ်ရှိသည်ဟု အစောပိုင်းက စိုးရိမ်နေခဲ့ခြင်းဖြစ်သည်။

ငလျင်သည် နိုင်ငံအလယ်ပိုင်း အမ်မတ်ထရစ်မြို့မှ အနောက် အနောက်မြောက် လေးမိုင်အကွာ၌ ကနဦး အင်အား ၅ ဒဿမ ၃ အဆင့်ဖြင့် လှုပ်ခဲ့ကြောင်း အမေရိကန်ဘူမိတိုင်းတာရေးက ထုတ်ပြန်ခဲ့သည်။

ငလျင်ဗဟိုမှာ ရောမမြို့ အရှေ့မြောက်ပိုင်း ကီလိုမီတာ ၉၀ အကွာတွင် ဗဟိုပြု၍ လှုပ်ခြင်းဖြစ်ကာ မြို့တော်မှာလည်း ငလျင်ဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly