ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ ရောက်ရှိ

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ ရောက်ရှိ
UK Foreign Secretary Boris Johnson arrives at the airport in Nay Pyi Taw on January 20. Photo: British government

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်မှာ မြန်မာအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရန်အတွက် ယနေ့ နေ့လည်ပိုင်းက နေပြည်တော်သို့ ရောက်ရှိလာခဲ့သည်။

ဇန်နဝါရီ ၂၀-၂၁ ရက်များဖြင့် နှစ်ရက်တာကြာမြင့်မည်ဖြစ်ပြီး ငါးနှစ်အတွင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးတစ်ဦး မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

၎င်းမှာ နေပြည်တော်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံဆွေးနွေးသွားမည်ဟု သိရပြီး နိုင်ငံ၏ ဒီမိုကရေစီအသွင်းကူးပြောင်းရေးလုပ်ငန်းများနှင့် ငြိမ်းချမ်းရေးကိစ္စများတွင် မြန်မာအစိုးရ၏ ကြိုးပမ်းအားထုတ်နေမှုများအပေါ် ဗြိတိန်တို့ ဆက်လက်ထောက်ခံနေကြောင်းကို ပြောဆိုသွားမည်ဟု သိရသည်။

အလားတူ ၎င်းမှာ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့်လည်း တွေ့ဆုံဆွေးနွေးသွားမည်ဟု သိရသည်။ တစ်ချိန်တည်းမှာပင် ရန်ကုန်မြို့တွင်လည်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးအနေဖြင့် ရခိုင်ကော်မရှင်အဖွဲ့ဝင်များ၊ နှစ်ဘက်အသိုင်းအဝိုင်းခေါင်းဆောင်များနှင့် တိုက်ရိုက်တွေ့ဆုံနားထောင်သွားမည်ဖြစ်သည်။

" မြန်မာရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုက အလုံးစုံတော့ မပြီးမြောက်သေးပါဘူး၊ ဒါပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အစိုးရ တက်လာပြီး လပေါင်းကိုးလအကြာမှာတော့ ကောင်းမွန်ထိုက်တန်တဲ့လက္ခဏာတွေ ရှိလာခဲ့ပါတယ်၊ ငြိမ်းချမ်းရေးကိစ္စမှာလည်း အဓိကခြေလှမ်းသစ်တစ်ရပ်လှမ်းထားနိုင်တာ၊ ရခိုင်အရေးကိစ္စမှာလည်း ကိုဖီအာနန်ဦးဆောင်တဲ့ကော်မရှင်ဖွဲ့ပေးထားတာနဲ့ နိုင်ငံရေးအကျဉ်းသား ၃၀၀ ကျော် လွှတ်ပေးခဲ့တာတွေက အပြုသဘောဆောင် ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေပဲဖြစ်ပါတယ်" ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly