မုံးကိုး ဘာသာရေးဆရာ ၂ ဦး လွတ်မြောက်ရေး KBC ကြိုးပမ်းမည်

မုံးကိုး ဘာသာရေးဆရာ ၂ ဦး လွတ်မြောက်ရေး KBC ကြိုးပမ်းမည်

ချင်းမိုင်၊ဇန်နဝါရီလ ၂၀ ။           ။ ရှမ်းပြည်နယ် မုံးကိုးမြို့မှ ဆရာ ၂ ဦးကို တပ်မတော် ဖမ်းဆီးထိန်းသိမ်းထားရာမှ လွတ်မြောက်ရန်အတွက် ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC)မှ ကြိုးပမ်းသွားမည် ဖြစ်ကြောင်း မူဆယ်ခရိုင် မိုးဇုံနယ်မှ သိက္ခာတော်ရဆရာ ဦးဇော်ရာက ပြောသည်။

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်ညက ဆရာ ဦးဒီဒီနောင်လတ် (ခ) ဦးဒွမ်ဒေါ့ နောင်လတ်နှင့် ဆရာ ဦးလဂျော်ဂမ်ဆိုင်းတို့ နှစ်ဦးသည် ၂၅ ရက်ကြာ ပျောက်ဆုံးနေရာမှ တပ်မတော်ဘက်မှ (KIA)အတွက် ငွေကြေး ထောက်ပံ့ ကူညီခြင်း၊ သတင်းပေးခြင်း၊ လူသစ်စုဆောင်းပေးခြင်းနှင့် မဟုတ်မမှန် လုပ်ကြံဝါဒ ဖြန့်ဆောင်ရွက်ခြင်းကြောင့် တပ်မတော်က ဖမ်းဆီးခဲ့သည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဇန်နဝါရီလ ၁၉ ရက် သတင်းထုတ်ပြန်ခဲ့သည်။

သို့သော် သူတို့ နှစ်ဦးအား လက်ရှိ မည်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်း ထုတ်ဖော်ခြင်း မရှိပေ။

“သူတို့ကို ရဲလက်ထဲအပ်ပြီးတော့ ဥပဒေအတိုင်း လုပ်တဲ့အခါကြမှ လွတ်မြောက်ဖို့ ဘာဆက်လုပ်မယ်ဆိုတာ သိရမယ်။ ကျနော်တို့ ဥပဒေရှုထောင့် အနေနဲ့ရော ကျွန်တော်တို့ အသင်းတော်အနေနဲ့ရော သူတို့ လွတ်မြောက်အောင်တော့ ကြိုးစားကြမှာပါ။ မနက်ဖြန်တော့ အမှုဖွင့်ထားတဲ့ ရဲစခန်းကို သွားမေးကြည့်မယ်”ဟု သိက္ခာတော်ရဆရာ ဦးဇော်ရာက ပြောသည်။

မနက်ဖြန် သူတို့ နှစ်ဦးပျောက်ဆုံးကြောင်း ဇန်နဝါရီလ ၄ ရက်နေ့က အမှုဖွင့်ထားသော မူဆယ်မြို့နယ် ရဲစခန်းသို့ သွားရောက် မေးမြန်းမည်ဖြစ်ကြောင်း သိရသည်။ သူတို့၏ မိသားစုဝင်များကလည်း အသင်းတော်နှင့်အတူ သူတို့ လွှတ်မြောက်ရေးအတွက် ကြိုးပမ်းမည် ဖြစ်ကြောင်း ဦးဒွမ်ဒေါ့နောင်လတ်၏ သမီးဖြစ်သူက မဇ္ဈိမကို ပြောသည်။

“ကျွန်မတု့ိလည်း မနေ့ကမှ သိရတယ်ဆိုတော့ ဘယ်လို ဆက်လုပ်မယ်ဆိုတာ မသိသေးဘူး။ ဘယ်လို ဆက်စုံစမ်းမယ်ဆိုတာ မသိသေးဘူး။ အခုက အသက်ရှင်နေတယ်ဆိုတာ သိရလို့ ဝမ်းသာနေတာ။ သူတို့ လွတ်မြောက်ဖို့ကတော့ ကျွန်မတို့မိသားစုနဲ့ အသင်းနဲ့အတူတူ ကြိုးပမ်းသွားမယ်”ဟု သူက ပြောသည်။

အသက် ၆၅ နှစ်အရွယ် ဦးဒွမ်ဒေါ့နောင်လတ်သည် မုံးကိုးမြို့ပေါ် သင်းထောက်ဆရာတစ်ဦးဖြစ်ပြီး ဦးဂမ်ဆိုင်းသည်လည်း ဓမ္မဆရာတစ်ဦးဖြစ်ကြောင်း ပြောသည်။

ဆရာနှစ်ဦးသည် ကချင်ခရစ်ယာန်အသင်းတော်အတွက် အရေးကြီးသည့် ပုဂ္ဂိုလ်များဖြစ်ပြီး တပ်မတော်ဘက်မှ စွတ်စွဲထားချက်များ လုံးဝ မဟုတ်မှန်ကြောင်း ကချင်ခရစ်ယာန်အသင်းတော်မှ ဆရာမ တစ်ဦးက ပြောသည်။

“မနေ့က တပ်မတော်ရဲ့ သတင်းထွက်လာလို့ မိသားစုကတော့ ပျောက်နေတာကနေ တပ်မတော်က ဖမ်းထားတယ်လို့ သတင်းကြားရလို့ ဝမ်းသာနေတာ။ အခုလူကြီးတွေနဲ့ ဆွေးနွေးပြီးတော့ ဆက်လက်စုံစမ်းသွားမယ်။ သူတို့က တပ်မတော်က ပြောထားသလို အဲဒါတွေ မလုပ်ဘူး”ဟု သူက မဇ္ဈိမကို ပြောသည်။

တပ်မတော်က ဒီဒီနောင်လတ်ဆိုသူသည် မုံးကိုးမြို့တွင် တိုက်ပွဲဖြစ်ပွားစဉ်ကာလက မုံးကိုးမြို့ နှစ်ခြင်းခရစ်ယာန်အသင်း၏ ဥက္ကဌအသွင်ယူ၍ တပ်မတော် စစ်ကြောင်းများ၏ လှုပ်ရှားမှုအား လက်နက်ကိုင်အဖွဲ့များထံသို့ သတင်းပေးခြင်း၊ ငွေကြေး ထောက်ပံ့ပေးခြင်း၊ ပြည်ပ မီဒီယာများနှင့် ချိတ်ဆက်၍ မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်ခြင်း၊ KIA အဖွဲ့နှင့် အကြိမ်ကြိမ် ဆက်သွယ် ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားသည်။

ဦးလန်ဂျော်ဂမ်ဆိုင်းဆိုသူသည်လည်း တိုက်ပွဲဖြစ်စဉ်ကာလအတွင်း KIA အဖွဲ့အား တပ်မတော်သတင်းများပေးခြင်း၊ လူသစ်စုဆောင်းပေးခြင်းနှင့် သွားလာမှုအဆင်ပြေစေရန် စက်သုံးဆီများ သယ်ယူပို့ဆောင်ပေးခြင်းများကို ကူညီလုပ်ဆောင်ပေးခဲ့သူဖြစ်ကြောင်း စစ်ဆေးဖော်ထုတ်သိရှိရသည်ဟု ဖော်ပြထားသည်။

ဆက်စပ်သတင်းများ-မုံးကိုးမြို့ခံ ခရစ်ယာန်ဘာသာရေးဆရာ ၂ ဦး ပျောက်ဆုံးနေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly