နာမည်ဆိုးနှင့် ကျော်ကြားသည့် မက္ကဆီကို မူးယစ်ရာဇာ အယ်လ်ချာပို ကို အမေရိကန်သို့ လွှဲပြောင်းအပ်နှံ

နာမည်ဆိုးနှင့် ကျော်ကြားသည့် မက္ကဆီကို မူးယစ်ရာဇာ အယ်လ်ချာပို ကို အမေရိကန်သို့ လွှဲပြောင်းအပ်နှံ

ဇန်နဝါရီ ၂၀ ။               ။  ကမ္ဘာတွင် နာမည်ဆိုးနှင့် ကျော်ကြားလှသည့် တရားခံများထဲမှ တစ်ဦးအပါအဝင်ဖြစ်သည့် မက္ကဆီကို မူးယစ်ရာဇာ ယော်ကွင်း အယ်လ်ချာပိုကို ယခုအခါ အမေရိကန်သို့ လွှဲပြောင်းအပ်နှံလိုက်ပြီဖြစ်ရာ ဇန်နဝါရီလ ၁၉ ရက်က ယင်းနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီဟု သိရသည်။

မူးယစ်ရာဇာ အယ်လ်ချာပိုမှာ မက္ကဆီကိုနိုင်ငံတွင် ဆယ်စုနှစ်များစွာကြာမြင့်ခဲ့သော မူးယစ်စစ်ပွဲအတွင်း လူအမြောက်အမြားသေဆုံးစေခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်များနှင့် ပတ်သက်နေခဲ့သည့် ရာဇဝတ်ဂိုဏ်းတစ်ခု၏ ခေါင်းဆောင်လည်း ဖြစ်သည်။

အလားတူ ၎င်းမှာ အမေရိကန်နိုင်ငံတွင်းသို့ မူးယစ်ဆေးတန်ချိန်များစွာ ပေးသွင်းခဲ့သည်ဟုလည်း စွပ်စွဲခံထားရသည်။

၎င်းမှာ ယခုအခါ မက်အာသာလေဆိပ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး နိုင်ငံတွင် ၎င်းနှင့်ထိုက်တန်သော ပြစ်ဒဏ်များကို ကျခံရင်ဆိုင်ရတော့မည်ဖြစ်ကြောင်း တရားရေးဌာနက ထုတ်ပြန်ပြောကြားသည်။

အမေရိကန်ရုပ်သံပြကွက်များအရ ၎င်းကို ခေါ်ဆောင်လာသော ယာဉ်တန်း နယူးယောက်အကျဉ်းထောင်တစ်ခုအပြင်ဘက်သို့ ရောက်ရှိလာသည်ကို တွေ့ရပြီး လက်နက်ကိုင်လုံခြုံရေးများလည်း လမ်းမတစ်လျှောက် ထူထပ်စွာချထားသည်ဟုသိရသည်။

အသက် ၅၉ နှစ်ရွယ် မူးယစ်ရာဇာနှင့် မက္ကဆီကို အာဏာပိုင်များအကြား ယခင်ကာလများက ဖမ်းလိုက်ထွက်ပြေးလိုက်နှင့် သံသရာလည်နေခဲ့ပြီး ထောင်တွင်းမှလည်း နှစ်ကြိမ်တိုင် ထွက်ပြေး လွတ်မြောက်အောင် စွမ်းဆောင်နိုင်ခဲ့သူလည်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly