စိုက်နည်းအသေအချာ လေ့လာကာ ကွမ်းပင်စိုက်ပျိုးပါ

20 January 2017
စိုက်နည်းအသေအချာ လေ့လာကာ ကွမ်းပင်စိုက်ပျိုးပါ
 

ကွမ်းပင်ရဲ့ မူရင်းဒေသတွေကတော့ မလေးရှားနိုင်ငံ အလယ်ပိုင်း၊ အိန္ဒိယနိုင်ငံတောင်ပိုင်း သီရိလင်္ကာနိုင်ငံနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေပဲ ဖြစ်ပါတယ်။

ကွမ်းပင်စိုက်ပျိုးဖို့ သင့်တော်တဲ့ အဓိကလတွေကတော့ မေလနဲ့ ဇွန်လမှာ စိုက်ပျိုးခြင်း၊ သြဂုတ်လနဲ့ စက်တင်ဘာလတွေမှာ စိုက်ပျိုးခြင်းဆိုပြီးတော့ နှစ်မျိုး ရှိပါတယ်။

အပင်ရဲ့ သဘာဝတွေက မြေမှာပေါက်တဲ့ အမျိုးအစားဖြစ်ပြီး တစ်ခုခုကို မှီခိုပြီး ရှင်သန်ရတာလည်း ဖြစ်ပါတယ်။ သဘာဝအလျှောက် သစ်တောကြီးတွေမှာ သစ်ပင်ကြီးတွေကို မှီတွယ်ပြီး ပေါက်ရောက်လေ့ရှိတဲ့ အနွယ်အမျိုးအစားပဲ ဖြစ်ပါတယ်။

အမြင့်ပေကတော့ ၃၀၀၀ အထိ ပေါက်ရောက်နိုင်စွမ်း ရှိပါတယ်။ အထူးသဖြင့် ပူအိုက်စွတ်စိုတဲ့ ဒေသတွေမှာ ပေါက်ရောက်ပြီး မိုးများခြင်းကို ကြိုက်နှစ်သက်ပေမယ့် ရေဝပ်ခြင်းကိုတော့ မနှစ်သက်ပါဘူး။ အာဟာရပြည့်စုံတဲ့ မြေအမျိုးအစားတွေကို ကြိုက်နှစ်သက်ပေမယ့် သဘာဝမြေဆွေးပေါတဲ့ အပူပိုင်း သစ်တောတွေမှာဆိုရင်တော့ ပိုမိုဖြစ်ထွန်းပါတယ်။

ကွမ်းပင်က သင့်တင့်တဲ့ အရိပ်ကို ကြိုက်နှစ်သက်ပေမယ့် ရေစီးရေလာကောင်းမွန်တဲ့ အာဟာရဓာတ် ကောင်းမွန်တဲ့ မြေတွေမှာဆိုရင်တော့ အရိပ်ကို အတုပြုလုပ်ပြီးတော့ စိုက်ပျိုးနိုင်ပါတယ်။

    အခု ကျွန်တော်တို့အဖွဲ့သားတွေ ရောက်ရှိနေတဲ့နေရာကတော့ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်မှာရှိတဲ့ ဥယျာဉ်ကုန်းကျေးရွာ ကွမ်းခြံစိုက်ခင်းထဲမှာပဲ ဖြစ်ပါတယ်။ ဒီမှာဆိုရင်တော့ ကျွန်တော်တို့ ကွမ်းပင်တွေကို ဘယ်လိုစိုက်ပျိုးသလဲ၊ ကွမ်းပင်တွေကို ပေးဝေထားတဲ့ ရေပေးဝေရေးစနစ်က ဘယ်လိုအသုံးပြုထားလဲ ဒါတွေကို ကျွန်တော်တို့က ဆက်လက်ပြီးတော့ တင်ပြသွားမှာဖြစ်ပါတယ်။

     ပင်စည်ကတော့ ပျော့ပျောင်းတဲ့ အသွင်သဏ္ဍာန်နဲ့ နွယ်ပင်အမျိုးစားဖြစ်ပါတယ်။ ပင်စည်ရဲ့ နုတဲ့အစိတ်ပိုင်းတွေကတော့ အစိမ်းရောင်ရှိပြီးတော့ အညွှန့်ပိုင်းကတော့ တောက်ပတဲ့ အစိမ်းရောင်အဝါရောင် ရှိပါတယ်။ ရင့်တဲ့ပင်စည်တွေကတော့ အညိုဖျော့ရောင်နဲ့ အညိုရင့်ရောင်တွေ ရှိပါတယ်။ သေးသွယ်ပျော့ပြောင်းတဲ့ ပင်စည်များမှာ အဆစ်များ ရှိပြီးတော့ အဆစ်များက အမြစ်များ ထွက်နေတတ်ပါတယ်။ အမြစ်များကတော့ တွယ်ကပ်ရန်အတွက်နဲ့ လေရှူရန်အတွက် ဖြစ်ပါတယ်။

      ကွမ်းပင်က အညွန့်လေးမျိုး ရှိပါတယ်။ အဲတာတွေကတော့ ခေါင်ညွန့်၊ ခါးညွှန့်၊ ဒုတိယ သားညွှန့်နဲ့ တီနွယ်တို့ပဲ ဖြစ်ပါတယ်။ ခေါင်ညွှန့်ကတော့ အပင်ရဲ့ မူလအညွှန့်ပဲ ဖြစ်ပြီးတော့ သန်မာဖွံ့ဖြိုးတဲ့ အညွှန့်ပဲ ဖြစ်ပါတယ်။ မျိုးပြုလုပ်ရန်အတွက်ကတော့ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ခါးညွှန့်လို့ခေါ်တဲ့ စလင်းဓာတ်အညွှန့်ကတော့ အပင်ရဲ့ ခါးလည်က ထွက်လာတဲ့ အညွှန့်များ ဖြစ်ပါတယ်။ ကွမ်းပင် သန်စွမ်းသလောက် ခါးတက်အညွှန့်များကလည်း သန်စွမ်းကြပါတယ်။ ဒုတိယသားတက်ကတော့ ပထမသားတက်မှ ထွက်လေ့ရှိပါတယ်။ အဆစ်များမှာတော့ အမြစ်များထွက်လေ့ မရှိပါဘူး။  တီနွယ်လို့ခေါ်တဲ့ အညွှန့်များကတော့ ပထမ သားတက်လိုပဲ ပင်စည်က ထွက်လာပေမယ့် ဖွံ့ဖြိုးမှု မရှိပဲ သေးသွယ် တွန့်လိမ်နေတဲ့အတွက် တီနွယ်လို့ ခေါ်ခြင်းလည်း ဖြစ်ပါတယ်။

ရောဂါပိုး ကျရောက်မယ်ဆိုရင်တော့ တီနွယ်ကနေတစ်ဆင့် ကျရောက်တာလည်း ဖြစ်ပါတယ်။ အရွက်ကတော့ ပင်စည်ရဲ့ အဆစ်ကိုင်းတွေကနေ ထွက်ပြီးတော့ ရွက်လွဲစနစ်နဲ့ ထွက်တာလည်း ဖြစ်ပါတယ်။

ကွမ်းပင်က နှစ်ရှည်ခံ အမျိုးစား ဖြစ်ပေမယ့် နှစ်ရှည်ခံ အပင်ကြီးများလို ရေသောက်မြစ် မပါပါဘူး။ ပင်စည်အဆစ်က ထွက်တဲ့ အမြစ်များက အဟာရဓာတ်ကို စုပ်ယူနိုင်စွမ်း ရှိကြပါတယ်။ အမြစ်များကတော့ ရေကို ကြိုက်နှစ်သက်ပေမယ့် ရေဝပ်ခြင်းကိုတော့ ခံနိုင်ရည် မရှိကြပါဘူး။

ကွမ်းပင်ကို စိုက်မယ်ဆိုရင် ပူအိုက်စွတ်စိုပြီး အစိုဓာတ်များတဲ့ ပတ်ဝန်းကျင်မှာဆိုရင် ပိုမိုဖြစ်ထွန်းပါတယ်။ ကွမ်းပင်က ရေဝပ်တဲ့မြေ ဆားပေါက်တဲ့ မြေတွေမှာဆိုရင်တော့ စိုက်ပျိုးလို့ မရပါဘူး။ ရေငတ်ခြင်း၊ ရေပြတ်ခြင်းမရှိအောင်တော့ သတိပြုပေးရမှာပါ။

ကွမ်းခြံကိုတော့ သီးသန့် လုပ်ပေးထားရမှာပါ။ ဒေသထွက် သဘာဝပစ္စည်းတွေ ဖြစ်တဲ့ ဝါး၊ အုံးလက်၊ ကိုင်း၊ ကောက်ရိုး စတာတွေကို အသုံးပြုပြီး စိုက်ပျိုးပေးရတာပါ။ အခု ဒီမှာအသုံးပြုထားတဲ့ ရေဖြန်းတဲ့စနစ်ကတော့ အပင်အောက်ခြေကို ဖြန်းတဲ့စနစ်ကို အသုံးပြုထားတဲ့ စနစ်ပဲ ဖြစ်ပါတယ်။ အခု အသုံးပြုထားတဲ့ ပစ္စည်းတွေကလည်း တောင်သူများ အသုံးပြုနိုင်တဲ့ ပစ္စည်းတွေဖြစ်ပြီးတော့ တန်ဖိုးနည်းပစ္စည်းတွေ ဖြစ်ပါတယ်။ အခုလို လုပ်သားတွေ ရှားပါးလာတဲ့ခေတ်မှာ ဒီလိုစနစ်တွေနဲ့ အသုံးပြုမယ်ဆိုရင်တော့ အရမ်းကို အဆင်ပြေပါတယ်။ နောက်တစ်ခါ အပင်အောက်ခြေကို ရေဖျန်းတဲ့စနစ်က ဒီ ကွမ်းပင်မှမဟုတ်ပါဘူး ကွမ်းပင်လိုပဲ အောက်ခြေကို ရေပေးရတဲ့ အပင်မျိုးဆိုရင်တော့ ဒီစနစ်ကို အသုံးပြုမယ်ဆိုရင်တော့ တော်တော်လေးကို အဆင်ပြေမှာပါ။

    ကွမ်းပင်ရဲ့ ခံနိုင်ရည်ရှိတဲ့ အပူချိန်တွေကတော့ အနိမ့်ဆုံး ၁၀ ဒီဂရီ စင်တီဂရိတ်နဲ့ အမြင့်ဆုံး ၄၀ ဒီဂရီ စင်တီဂရိတ်တွေပဲ ဖြစ်ပါတယ်။ အေးလွန်းလျင်လည်း အရွက်တွေ ကြွေကျတတ်ပြီးတော့ လေပူတိုက်ခြင်းကလည်း အပင်ကို ထိခိုက်စေပါတယ်။

ကွမ်းကိုတော့ စိုက်ဘောင်များပြုလုပ်ပြီး စိုက်ပျိုးပေးရတာပါ။ စိုက်ဘောင်များ ပြုလုပ်ပေးခြင်းကတော့ ကွမ်းပင်အတွင်းမှာ ရေမဝပ်စေရန်နှင့် ရောဂါများ ကျရောက်ခြင်းမှ ကြိုတင်ကာကွယ်ရန်ပဲ ဖြစ်ပါတယ်။ စိုက်ဘောင်များကတော့ မြေကြီးမှ အမြင့် ၆လက်မခန့်ရှိပြီးတော့ အကျယ်က နှစ်ပေခန့် ရှိရမှာလည်း ဖြစ်ပါတယ်။ စိုက်ဘောင် တစ်ဘောင်နှင့် တစ်ဘောင်ကြားကိုတော့ သုံးပေခန့် ခြားပေးရမှာပါ။ စိုက်ဘောင်မှာရှိတဲ့ သစ်ဆွေး၊ နွားချေး၊ ပဲဖတ်၊ နှမ်းဖတ်၊ သစ်ရွက်ခြောက် စတာတွေကို သမအောင် မွှေပေးရပါတယ်။ အဲဒီနောက် ရေပြန်လောင်းပြီး လေးငါးရက်ခန့် နှပ်ထားရပါတယ်။ ြ့ပီးမှ ကွမ်းပင်ကို စိုက်ပျိုးရတာ ဖြစ်ပါတယ်။

    ကွမ်းစိုက်ပျိုးတဲ့အခါမှာလည်း တစ်ပေခွဲခန့်ရှိတဲ့ ကွမ်းမျိုးညွှန့်အရင်းကိုတော့ မြေကြီးနှင့် ဖုံးပေးရပါတယ်။ အညွှန့်များကိုတော့ ကွမ်းတိုင်မှာ ကြိုးဖြင့် ချည်နှောင်ပေးထားရပါတယ်။ ကွမ်းတိုင် တစ်တိုင်နှင့် တစ်တိုင်ကတော့ ခြောက်လက်မခန့်ခြားပေးရပါတယ်။ ကွမ်းစင်ကိုတော့ ၇ပေခန့်အမြင့် ဆောက်လုပ်ပြီး အမိုးအကာကတော့ အုန်းလက်၊ မြက်ခြောက်၊ ကောက်ရိုးစတာတွေကို အသုံးပြုပါတယ်။

ကွမ်းပင်များမှာ ကျရောက်တတ်တဲ့ ရောဂါများကတော့ ကွမ်းပင်ညှိုးရောဂါ၊ ပင်ပုပ်ရောဂါ၊ အမြစ်ဆွေးရောဂါ၊ ငှက်မြစ်စေ့ရောဂါ၊ မှဲ့ပျောက်စွန်း ရောဂါ၊ ဖားဥမှိုရောဂါ၊ ဆီစွန်းရောဂါနဲ့ အရိုးမဲ ဆစ်ပြုတ်ရောဂါ စတဲ့ ရောဂါပိုးတွေ ကျရောက်တတ်ပါတယ်။  ကွမ်းကိုတော့ စိုက်ပျိုးပြီး သုံးလအကြာမှာ စတင်ခူးယူပြီး ၁၅ရက်တစ်ကြိမ် ခူးယူရမှာလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly