KIA အပါအဝင် ကျန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို NCA လက်မှတ်ထိုးရန် ဒေါ်အောင်ဆန်းစုကြည်က မှာကြား

KIA အပါအဝင် ကျန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို NCA လက်မှတ်ထိုးရန် ဒေါ်အောင်ဆန်းစုကြည်က မှာကြား
ဓာတ်ပုံ-မင်းမင်း/မဇ္ဈိမ

ချင်းမိုင်၊ဇန်နဝါရီလ ၂၀ ။         ။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးရန် လက်မှတ် မရေးထိုးသေးသော တိုင်းရင်းသားများအား လက်မှတ်ရေးထိုးရေး တိုက်တွန်းပေးရန် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က မှာကြားလိုက်သည်ဟု ကက်သလစ်ဆရာတော်ကြီး ရယ်မွန်ဆွမ်းလွတ်ဂမ်က ပြောသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့က ကက်သလစ်ဆရာတော်ကြီး ၄ ပါးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်တွင် တွေ့ဆုံစဉ် မှာကြားလိုက်သော စကားကို ပြည်သူလူထု အားလုံး သိရှိစေရန် ရည်ရွယ်၍ ထပ်မံပြောဆိုခဲ့ခြင်း ဖြစ်သည်ဟု သူက မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့ သွားတွေ့တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော်တို့ကို ပြောလိုက်တဲ့ Message အဓိကတစ်ခုက ကျွန်တော်တို့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကျွန်တော်တို့ ကချင်ဒေသမှာရှိတဲ့ အဖွဲ့အစည်းတွေ ကေအိုင်အေတွေပေါ့လေ။ သူတို့ အားလုံးကိုလည်း ပါဝင်စေချင်တယ် ဆိုပြီးတော့ သူက Message ပေးလိုက်တယ်။ အန်စီအေ လက်မှတ်ထိုးပြီးတော့ ပင်လုံမှာ အပြည့်အဝ ပါဝင်ပြီးတော့ ဆွေးနွေးနိုင်တဲ့ အခွင့်အရေးကို ပါဝင်စေချင်တယ်ဆိုပြီးတော့ ကျွန်တော်တို့ကို မှာလိုက်တာ ဖြစ်ပါတယ်”ဟု သူက ပြောသည်။

သူက ဆက်လက်၍ “အဲဒီလို ပြောပြစေချင်တယ်။ အန်စီအေ လက်မှတ်မထိုးသေးတဲ့ လူတွေရှိတယ်။ အဲဒီ အဖွဲ့အစည်းတွေကို ပါဝင်စေချင်တယ်။ ဘာဖြစ်လို့လဲဆိုရင် ပြည်သူလူထုအားလုံးက အခုအချိန်မှာ ငြိမ်းချမ်းရေးကို လိုချင်နေကြတယ်။ အဲတော့ ပြည်သူလူထုအားလုံး လိုချင်နေတဲ့ ငြိမ်းချမ်းရေးကို ရှေးရှုပြီးတော့၊ အန်စီအေလက်မှတ်ထိုးပြီးတော့၊ ပင်လုံမှာ ပြည်သူလူထုလိုချင်တဲ့ ငြိမ်းချမ်းရေးကို အပြည့်အဝ ဝိုင်းဝန်းပြီးမှ ဆွေးနွေးနိုင်ဖို့ ဒီအခွင့်အရေးကို အားလုံးကို ရစေချင်တယ်လို့ ပြောပါတယ်”ဟု သူက ပြောဆိုသည်။

ကက်သလစ်ဆရာတော်ကြီးများဘက်မှ လက်ရှိ အစိုးရ လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ထောက်ခံကြောင်း၊ ဆုတောင်းပေးကြောင်းနှင့် ကချင်ဒေသမှာ တိုက်ပွဲ ပြင်းထန်လာသဖြင့် စစ်ပြေးဒုက္ခသည် ပိုမိုများပြားလာသလို၊ ဒုက္ခသည်များ အခက်အခဲနှင့် ရင်ဆိုင်နေရသည်ကို စိုးရိမ်ပိုပန်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြခဲ့သည်ဟု သူက ပြောသည်။

“စစ်ပြေး ဒုက္ခသည်တွေအတွက် ကျွန်တော်တို့က စိုးရိမ်တယ်လို့ ပြောပြတယ်။ သူက အခုလို ငြိမ်းချမ်းရေးကိစ္စကို အားလုံး ဝိုင်းဝန်းပြီးတော့လုပ်ရအောင်၊ ဘာသာရေးခေါင်းဆောင်တွေ အနေနဲ့လည်း ဒါတွေကို အားပေးပါ။ ဆုတောင်းပေးကြပါလို့ ပြောလာတယ်။ ပြောရင်းနဲ့ သူ့ရဲ့ Message က ကချင်ပြည်နယ်မှာ အခုလို မငြိမ်းမချမ်းဖြစ်တဲ့ဟာ ပြေလည်သွားအောင် အကောင်းဆုံး နည်းလမ်းကတော့ အန်စီအေမှာ လက်မှတ်ထိုးပြီးတော့ ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ အဓိက အချက်ဖြစ်ပါတယ်ဆိုတာ ပြောပြသွားတာ ဖြစ်ပါတယ်”ဟု သူက ဆက်လက် ပြောဆိုသည်။

ကက်သလစ်ဆရာတော်ကြီးများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံရန်အတွက် ပြီးခဲ့သည့် နှစ်သစ်ကူးကတည်းက ကက်သလစ် လူငယ်များက တွေ့ဆုံဆွေးနွေးရန် ညှိနှိုင်းပေးခဲ့သဖြင့် ယခုကဲ့သို့ တွေ့ဆုံရခြင်း ဖြစ်သည်ဟု သိရသည်။

ထိုသို့ NCA ဘက်မှတ်ရေးထိုးစေခြင်းနှင့်အတူ လက်ရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအပေါ် ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး သဘောထားအမြင်ကို ကက်သလစ်ဆရာတော်ကြီး ရယ်မွန်ဆွမ်းလွတ်ဂမ်က ပြောဆိုခဲ့သည်။

“ဒုတိယအချက်က အထွေထွေသဘောမျိုးပြောတာက ကျွန်တော်တို့နိုင်ငံမှာ ငြိမ်းချမ်းရေး တည်ဆောက်တဲ့အခါမှာ စိန်ခေါ်မှုတွေ အများကြီးရှိတယ်။ အဲဒီစိန်ခေါ်မှုက ဘာလဲဆိုလို့ရှိရင် အဖွဲ့အစည်းတွေက အတ္တစိတ်တွေ သိပ်များနေကြတယ်။ ကိုယ့်အဖွဲ့ပဲ၊ ကိုယ်လိုချင်တာပဲ အဓိက ရှေ့တန်းတင်ပြီးတော့ စဉ်းစားကြတယ်။ ပြောဆိုကြတယ်။ ကိုယ့်ဘက်ကနေ စွန့်လွှတ်စွန့်စားဖို့ သိပ်မစဉ်းစားကြဘူး။ အဲတော့ ဘာသာရေးခေါင်းဆောင်တွေအနေနဲ့ ဘာသာတရား၊ ခရစ်ယာန်၊ ဗုဒ္ဓဘာသာ တရားမှာရှိတဲ့ မိမိရဲ့အကျိုးကို စွန့်လွတ်ပြီးတော့သူများအကျိုး၊ နိုင်ငံတော်အကျိုုး၊ ပြည်သူအကျိုးဆိုတဲ့ဟာကတော့ ဘာသာတရားတန်ဖိုး အများကြီး လိုအပ်နေတယ်။ များများပြောပေးပါ ဆိုတာလည်း ပြောပါတယ်”ဟု သူက ဆက်လက် ပြောဆိုခဲ့သည်။

 NCA ကို တိုင်းရင်သား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့သာ လက်မှတ်ရေးထိုးထားပြီး ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ 'ဝ' အမျိုးသားအဖွဲ့ (WNO)တို့ NCA ကို လက်မှတ်မထိုးသေးပေ။ ရက္ခိုင့်တပ်မတော်(AA)၊ တအောဝ်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော်-ကိုးကန့် (MNDAA )တို့ကိုမူ ယခင်အစိုးရက လက်မခံခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly