ခြေကျင်းဝတ်ဒဏ်ရာကြောင့် စပါးနောက်ခံလူ ဗာတွန်ဂန် ခြောက်ပတ်ခန့်အနားယူရမည်

ခြေကျင်းဝတ်ဒဏ်ရာကြောင့် စပါးနောက်ခံလူ ဗာတွန်ဂန် ခြောက်ပတ်ခန့်အနားယူရမည်

ဇန်နဝါရီ ၂၀၊ အင်္ဂလန်  ။              ။ စပါးအသင်း၏ အဓိကနောက်ခံကစားသမား ဗာတွန်ဂန်သည် ခြေကျင်းဝတ်အရွတ်ဒဏ်ရာကြောင့် ခြောက်ပတ်ခန့်အနားယူရတော့မည်ဖြစ်ကြောင်း နည်းပြ ပိုချက်တီနိုက အတည်ပြုပြောဆိုလိုက်သည်။

ဗာတွန်ဂန်သည် ထိုဒဏ်ရာကို စပါးအသင်းက ဝက်စ်ဘရွန်းအသင်းအား ၄-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် ရရှိခဲ့ခြင်း ဖြစ်သည်။

နည်းပြ ပိုချက်တီနိုကတော့ ဗာတွန်ဂန်နေရာတွင် အစားထိုးရန် ကစားသမားအလုံအလောက်ရှိကြောင်းနှင့် ကစားသမားသစ် ဝယ်ယူမည် မဟုတ်ကြောင်း ဆိုသည်။ ‘စိတ်ထဲမှာ အကောင်းမြင်ထားမယ်ဆိုရင် ဒဏ်ရာက သက်သာတာ ပိုမိုလွယ်ကူပါတယ်။ ဗာတွန်ဂန်ရဲ့ ဒဏ်ရာက ခွဲစိတ်စရာ မလိုပါဘူး။ သူ့နေရာကို အစားထိုးဖို့ ကျွန်တော်တို့အသင်းမှာ ကစားသမား လုံလုံလောက်လောက်ရှိပါတယ်။ ဒီကစားသမားစာရင်းအတွက် ကျွန်တော်ကျေနပ်ပါတယ်’ ဟု ပိုချက်တီနိုက ဆိုသည်။

ဗာတွန်တွန်သည် ယခုနှစ်ရာသီတွင် စပါးအသင်း၏ပရီးမီးယားလိဂ်ပွဲစဉ် ၂၁ ပွဲတွင် ပွဲ ၂၀ ပါဝင်ကစားထားသည့် အဓိက နောက်ခံကစားသမားတစ်ဦးဖြစ်သည်။

စပါးအသင်းမှာယခုနှစ်ရာသီတွင် ပရီးမီးယားလိဂ်၌ ၁၄ ဂိုးသာ ပေးထားရပြီး ပေးဂိုးအနည်းဆုံးအသင်းအဖြစ် ရပ်တည်နေသည်။ ထို့ကြောင့် ဗာတွန်ဂန်ဒဏ်ရာရရှိသွားခြင်းမှာ စပါးအသင်းအတွက် ကြီးမားသည့် ထိုးနှက်ချက်ဖြစ်သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly