ဆန်းချက်ဇ်နှင့် အိုဇေးလ်တို့ မပါ၀င်နိုင်လျှင် အာဆင်နယ်မှာ ပြဿနာတက်ပြီဟု အဒီဘာယော ဝေဖန်

ဆန်းချက်ဇ်နှင့် အိုဇေးလ်တို့ မပါ၀င်နိုင်လျှင် အာဆင်နယ်မှာ ပြဿနာတက်ပြီဟု အဒီဘာယော ဝေဖန်
 

ဇန်နဝါရီ ၂၀၊ အင်္ဂလန် ။                          ။ အာဆင်နယ်အသင်းမှာ ဆန်းချက်ဇ်၊ အိုဇေးလ်တို့နှစ်ဦးဖြင့် တည်ဆောက်ထားသည့်အသင်းဖြစ်ပြီး ၎င်းတို့နှစ်ဦး မပါဝင်နိုင်ပါက လန်ဒန်ကလပ်အသင်းမှာ ယုံကြည်စိတ်ချ၍ မရကြောင်း တိုဂိုတိုက်စစ်မှူး အဒီဘာယောက ပြောဆိုလိုက်သည်။

အဒီဘာယောမှာ နည်းပြအာစင်ဝင်းဂါး၏လက်အောက်တွင် ၂၀၀၆ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ အာဆင်နယ်အသင်းသားအဖြစ် ကစားခဲ့သူဖြစ်သည်။

‘ အာဆင်နယ်အသင်းက အသင်းကောင်းပါ။ ဒါပေမဲ့ ဆန်းချက်ဇ်သာ ဒဏ်ရာရသွားရင် သူ့နေရာမှာ ဘယ်သူ့ကို အစားထိုးမလဲ? ကျွန်တော်မမြင်မိပါဘူး။ ချယ်လ်ဆီးအသင်းကို ကြည့်လိုက်ပါ။ ဟက်ဇက်နာသွားရင် ဝီလျံနဲ့ အစားထိုးနိုင်သလို ဝီလျံထပ်နာသွားရင်တောင် မိုးဇက်နဲ့ ထပ်ပြီး အစားထိုးလို့ ရပါတယ်။

အာဆင်နယ်ရဲ့ ဒီနေ့ ပြဿနာကတော့ အိုးဇေးလ်နဲ့ ဆန်းချက်ဇ်တို့ကို အားကိုးနေရတာပါ။ သူတို့ နှစ်ယောက်ထဲက တစ်ယောက်သာ ဒဏ်ရာရသွားခဲ့ရင် အဲ့ဒါက ပြဿနာပါပဲ’ ဟု အဒီဘာယောက   ပြောဆိုခဲ့သည်။

အိုဇေးလ်နှင့် ဆန်းချက်ဇ်တို့၏ စာချုပ်သက်တမ်းမှာ ၁၈ လသာ ကျန်ရှိတော့ပြီး အာဆင်နယ်အသင်းက စာချုပ်သက်တမ်းတိုးနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ ဆန်းချက်ဇ်မှာ ယခုနှစ်ရာသီတွင် အာဆင်နယ်အတွက် ပြိုင်ပွဲပေါင်းစုံတွင် ၁၆ ဂိုးအထိသွင်းယူပေးထားပြီး ၁၃ ကြိမ် ဖန်တီးပေးထားသူဖြစ်သည်။ အိုဇေးလ်မှာလည်း ၉ ဂိုးသွင်းယူပြီး ၇ ကြိမ်ဖန်တီးပေးထားသည်။

ရည်ညွှန်း ဆော်ကာဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly