တဲလ်အဗစ်မှ ဂျေရုဆလင်သို့ အမေရိကန်သံရုံး ပြောင်းရွှေ့မည်ဆိုခြင်းအပေါ် ပါလက်စတိုင်းတို့ ဆန္ဒပြ

တဲလ်အဗစ်မှ ဂျေရုဆလင်သို့ အမေရိကန်သံရုံး ပြောင်းရွှေ့မည်ဆိုခြင်းအပေါ် ပါလက်စတိုင်းတို့ ဆန္ဒပြ

ရာမာလက်ရှ်၊ ဇန်နဝါရီ ၂၀ ။             ။ အမေရိကန်သံရုံးအား ပြောင်းရွှေ့ရန်ရှိသည်ဟု  ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်၏ ကြေညာချက်ကို ဆန့်ကျင်ကာ ပါလက်စတိုင်းရှိ ရာမာလက်ရှ်မြို့တွင် ပါလက်စတိုင်းပြည်သူ ဒါဇင်များစွာက ဇန်နဝါရီ ၁၉ ရက်၌ ဆန္ဒပြကြသည်။

တဲလ်အဗစ်တွင်ရှိသည့် အမေရိကန်သံရုံးကို ဂျေရုဆလင်သို့ ပြောင်းရွှေ့ရန် စိတ်ပိုင်းဖြတ်ထားကြောင်း အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ကြေညာထားခဲ့ခြင်းဖြစ်သည်။

 ဂျေရုဆလင်အား လွတ်လပ်သည့်ပါလက်စတိုင်းနိုင်ငံတော်၏ မြို့တော်အဖြစ် ခံယူထားကြသည့် ပါလက်စတိုင်းတို့အတွက် ဒေါ်နယ်ထရမ့်၏ ယင်းလုပ်ဆောင်မှုကြောင့် စိတ်ဆိုးဒေါသထွက်ခဲ့ကြရသည်။

ပါလက်စတိုင်းခေါင်းဆောင် မာမွတ်အာဘတ်က ထရမ့်၏ အစီအစဉ်ကို ဆန့်ကျင်ကာ သတိပေးသည်။

ဥရောပသမဂ္ဂကလည်း အစ္စရေးရှိ အမေရိကန်သံရုံးကို တဲလ်အဗစ်မှ ဂျေရုဆလင်သို့ ပြောင်းရွှေ့မည့် ထရမ့်၏ မည်သည့်အစီအစဉ်ကိုမဆို ကန့်ကွက်ကြောင်း ဖော်ပြခဲ့သည်။

အီးယူနိုင်ငံခြားရေးဝန်ကြီးများ ပူးတွဲထုတ်ပြန်ချက်တွင် အမေရိကန်သံရုံးအား ထိုသို့ပြောင်းရွှေ့ပါက အာရပ်ကမ္ဘာတွင် တင်းမာမှုများ မြင့်တက်လာနိုင်ကြောင်း သတိပေးထားသည်။

“တစ်ဖက်သတ်လုပ်ဆောင်မှုတွေကို တားဆီးသွားရေးက ကျွန်တော်တို့အားလုံးအတွက် အလွန်အရေးကြီးပါတယ်။ အထူးသဖြင့်တော့ ကမ္ဘာရဲ့ နယ်မြေကြီးတစ်ခုက ပြည်သူများစွာရဲ့ သဘောထား အပေါ် ပြင်းပြင်းထန်ထန်အကျိုးဆက်တွေ သက်ရောက်နိုင်တာမျိုးကို ကျွန်တော်တို့ တားဆီးသွားရမှာဖြစ်ပါတယ်။”ဟု အီးယူနိုင်ငံခြားရေးမူဝါဒအကြီးအကဲ ဖီဒါရီကာမိုဂါဟာရီနီက
သတင်းထောက်များအား ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags