ပြည်တွင်းစစ် တကယ်ရပ်ချင်ပါက စားပွဲဝိုင်းတက်လာခဲ့ဟု ဖဒိုမန်းငြိမ်းမောင်ပြော

ပြည်တွင်းစစ် တကယ်ရပ်ချင်ပါက စားပွဲဝိုင်းတက်လာခဲ့ဟု ဖဒိုမန်းငြိမ်းမောင်ပြော

ဘားအံ၊ ဇန်နဝါရီ ၂၀ ။       ။ တိုင်းရင်းသားဒေသအချို့တွင် ဖြစ်ပွားနေသည့် ပြည်တွင်းစစ်ပွဲများရပ်ဆဲရန် နိုင်ငံရေးနည်းဖြင့် ဆွေးနွေးအဖြေရှာသည့် စားပွဲဝိုင်းကိုလာခဲ့ရန် ကရင်အမျိုးသား အစည်းရုံး (KNU) ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က တိုက်တွန်း ပြောဆိုလိုက်သည်။

“ စားပွဲဝိုင်းမှာပဲအဖြေရှိတယ်။ ဒီနေ့မြန်မာပြည်ရဲ့နိုင်ငံရေးက စားပွဲဝိုင်းမှာပဲရှိတယ်။ စားပွဲဝိုင်းကို တက်လာခဲ့ပါ။ မကျေနပ်ရင်လည်း စားပွဲဝိုင်းမှာပဲ စာရင်းရှင်းလို့ရတယ်။ စားပွဲဝိုင်းမှာရှင်းတာက အလွန်ဆုံးဖန်ခွက်နဲ့ပေါက်တာပဲရှိမယ် စစ်မြေပြင်မှာဆိုရင် ဒုံးဒိုင်းနဲ့ပြီးသွားပြီ “ ဟု ပြောသည်။

ဇန်နဝါရီ ၁၈ရက် ဘားအံမြို့ သိရီဘားအံ ဟိုတယ်တွင် ပြုလုပ်သည့် လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ (ကရင်ပြည်နယ်) ဒုတိယနေ့လတွင် မဇ္ဈိမ၏ မေးမြန်းမှုကို ဖေကြားခဲ့ခြင်းဖြစ်သည်။

KNU အနေဖြင့် နှစ်ပေါင်း ၆၀ ကျော် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအနေဖြင့်နေထိုင်ခဲ့သော်လည်း ရိုးသားမှုနှင့် သစ္စာရှိမှုကို အခြေခံပြီး ယုံကြည်မှုတည်ဆောက်သောကြောင့် ကရင်ပြည်နယ်တွင် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့်ပတ်သက်ပြီး ၎င်းက  ပြည်တွင်းစစ်တကယ်ရပ်ချင်ရင် ပြည်သူတွေရဲ့မျက်နှာကို ထောက်ထားရန်၊ အရိုးခံစေတနာနဲ့တွေ့ရန် ပြောဆိုခဲ့သည်။

ထို့ပြင် အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်များအကြား မယုံကြည်မှုများက ပြည်တွင်းစစ်ဖြစ်ပွားရခြင်းဟု ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးနိုင်ငံလင်းက သုံးသပ်ထားသည်။
 
“ အဲ့လိုဖြစ်နေလို့လည်း တွေ့ဆုံမှုတွေ အကြိမ်ကြိမ်တွေ့နေ၊  တွေ့ဖို့လုပ်နေရတာပေါ့ “ ဟု  ဦးနိုင်ငံလင်းက ပြောသည်။

တိုင်းရင်းသားဒေသများတွင်ဖြစ်ပွားနေသည့် ပြည်တွင်းစစ်များကို ရပ်ဆဲစေရန် ယခင် သမ္မတဦးသိန်းစိန်လက်ထက် တွင် တစ်နိုင်ငံလုံးအပစ်ရပ် စာချုပ် (NCA) ကိုစတင်အကောင်အထည်ဖော်ခဲ့သည်။ NCA စာချုပ်အရ အဆင့် ၃ အနေဖြင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ကျင်းပနေပြီး ကရင်ပြည်နယ် ဘာအံမြို့တွင် လူမျိုးအလိုက် နိုင်ငံရေးဆွေးနွေးပွဲကို မြန်မာနိုင်ငံတွင် ပထမဆုံးကြိမ်အဖြစ် ကျင်းပလျက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly