ကွန်မြူနစ်သူပုန်များနှင့် ဆွေးနွေးပွဲများ စ၍ ဖိလစ်ပိုင်က ငြိမ်းချမ်းရေးအတွက် မျှော်လင့်နေ

ကွန်မြူနစ်သူပုန်များနှင့် ဆွေးနွေးပွဲများ စ၍ ဖိလစ်ပိုင်က ငြိမ်းချမ်းရေးအတွက် မျှော်လင့်နေ

မနီလာ၊ ဇန်နဝါရီ ၁၉ ။          ။ ဖိလစ်ပိုင်နိုင်ငံက ကွန်မြူနစ်သူပုန်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အီတလီတွင် ပြန်လည်စတင်ပြီဖြစ်ရာ အမြဲတမ်းအပစ်ရပ်ရေးအတွက်   မျှော်လင့်ချက်သန်းလာပြီ   ဖြစ်သည်။

အာရှ၏ အရှည်ကြာဆုံးသူပုန်အုပ်စုများအနက် တစ်ခုဖြစ်သော ဖိလစ်ပိုင်ကွန်မြူနစ်သူပုန်များက အရင်းရှင်စနစ် ဖြုတ်ချရေးအတွက် ၁၉၆၈ ခုနှစ်ကစကာ ဒီမိုကရတ်တစ်တော်လှန်ရေးတစ်ရပ်ကို ဆင်နွှဲလျက်ရှိခဲ့ရာ ယင်းစစ်ပွဲများကြောင့် အာရှ၏ အကြီးဆုံးဆင်းရဲချမ်းသာကွာဟသည့် နိုင်ငံအဖြစ်သို့ ဖိလစ်ပိုင်နိုင်ငံ သက်ဆင်းရကာ လူပေါင်း ၃၀၀၀၀ ကျော် သေဆုံးရကြောင်း စစ်တပ်က ပြောသည်။

အီတလီနိုင်ငံ ရောမမြို့တွင် ဇန်နဝါရီ ၁၉ ရက်၌ စေ့စပ်ညှိနှိုင်းမှုများ စတင်ခြင်းဖြစ်ပြီး အစိုးရဖက်က စေ့စပ်ညှိနှိုင်းရေးမှူးအကြီးအကဲ စီဗက်စ်စထရီဘဲလ်လိုက ရေရှည်ဖြစ်ပွားနေသော ပြဿနာများကို
ညှိနှိုင်းဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ပြောသည်။

“ခုဆွေးနွေးပွဲတွေကို သမ္မတဒူတာတေးနည်းတူပဲ ကျွန်တော်လည်း အပြုသဘောမျှော်လင့်ထားတယ်။ ဆုံးခန်းတိုင်အထိ ရောက်လိမ့်မှာဖြစ်ပြီး ပူးတွဲအပစ်ရပ်သဘောတူညီမှုကို အတည်ပြုနိုင်မှာဖြစ်တယ်။”ဟု ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းတွင် ဘဲလ်လိုက ပြောသည်။

အသက် ၇၁ နှစ်ရှိသည့် သမ္မတဒူတာတေးကလည်း ၎င်း၏ အိပ်မက်က သူ့သက်တမ်း ခြောက်နှစ်အတွင်း ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရန် ဖြစ်ကြောင်း ပြောထားသည်။

ပြီးခဲ့သည့်နှစ် ဇွန်လအတွင်း သမ္မတအဖြစ် တာဝန်ယူခဲ့သည့် ဒူတာတေးသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဖော်ဆောင်ခဲ့ကာ ၎င်း၏ အစိုးရအဖွဲ့အတွင်းလည်း ကွန်မြူနစ်သုံးဦးကို ခန့်အပ်ထားခဲ့သည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လက နော်ဝေတွင် ဆွေးနွေးခဲ့ကြရာ၌ ဆွေးနွေးပွဲများကာလတစ်လျှောက် ယာယီအပစ်ရပ်ထားရန် နှစ်ဖက်စလုံးက သဘောတူထားခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly