အစိုးရအဖွဲ့ဝင်များနှင့် အမတ်တို့၏ စွမ်းရည်ကို စိစစ်မည့်အဖွဲ့ NLD ဖွဲ့စည်း

အစိုးရအဖွဲ့ဝင်များနှင့် အမတ်တို့၏ စွမ်းရည်ကို စိစစ်မည့်အဖွဲ့ NLD ဖွဲ့စည်း
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇန်နဝါရီ ၁၉ရက်၊ ၂၀၁၇ခုနှစ်)။ ။ ရွေးကောက်ပွဲမတိုင်ခင် ပါတီက ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲဆိုင်ရာ ကြေငြာစာတမ်းပါ ရည်မှန်းချက်များနှင့် ကိုက်ညီမှု ရှိ၊ မရှိ အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော်အမတ်များ၏ စွမ်းဆောင်ရည်ကို လေ့လာစိစစ်မည့်အဖွဲ့အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ဇန်နဝါရီ(၁၉)ရက်စွဲဖြင့် ဖွဲ့စည်းလိုက်သည်။

ဇန်နဝါရီ (၇)ရက်က ကျင်းပပြုလုပ်ခဲ့သော ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ “အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ငန်းစွမ်းဆောင်ရည် လေ့လာစိစစ်ရေးအဖွဲ့” အား ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

ယင်းအဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်က တာဝန်ယူမည်ဖြစ်ပြီး အဖွဲ့ဝင်များအဖြစ် ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင်၊ ဒေါက်တာမျိုးညွှန့်၊ ဦးတင်ထွဋ်ဦးနှင့် ဒေါ်လဲ့လဲ့တို့ ပါဝင်သည်။

“လွှတ်တော်သက်တမ်းကလည်း တစ်နှစ်ရှိပြီ၊ အစိုးရသက်တမ်းကလည်း တစ်နှစ်နီးပါး ရှိပြီဆိုတဲ့အခါကျတော့ သူတို့ရဲ့ စွမ်းဆောင်မှုတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲတုန်းက ထုတ်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ကြေငြာစာတမ်းမှာပါတဲ့ ရည်မှန်းချက်တွေနဲ့ ဘယ်လောက်ထိ ကိုက်ညီမှု ရှိသလဲ။ ဘာတွေလွဲနေသလဲ၊ ဘာတွေ လိုနေသလဲ။ နောက် လူတစ်ဦးချင်းရဲ့ လွှတ်တော်ထဲမှာ စွမ်းဆောင်တဲ့ စွမ်းဆောင်ချက်တွေ၊ သူတို့မေးတဲ့ မေးခွန်းတို့၊ အဆိုတို့ စသဖြင့် အဲ့ဒီသူတို့တစ်ဦးချင်းရဲ့ အရည်အချင်းကို ဆန်းစစ်တာပေါ့” ဟု အဖွဲ့ခေါင်းဆောင် ဦးဝင်းထိန်က မဇ္ဈိမ၏ မေးမြန်းမှုကို ဖြေကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ၂၀၁၅ ရွေးကောက်ပွဲကြေငြာစာတမ်းတွင် ပြည်သူလူထု၏ ဘဝများ ပြောင်းလဲလာစေရန် တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး အေးချမ်းလုံခြုံစွာ လက်တွဲနေထိုင်ရေးကို အာမခံချက်ပေးနိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ထွန်းရေး၊ ပြည်သူလူထုအား တရားမျှတစွာ အကာအကွယ်ပေးမည့် အုပ်ချုပ်မှုစနစ်တစ်ရပ် ပေါ်ပေါက်လာရေးနှင့် လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဦးတည်ဆောင်ရွက်မည်ဖြစ်သည်ဟု ကြေငြာထားသည်။

အဆိုပါ အဖွဲ့အနေဖြင့် အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော်အမတ်တို့၏ လုပ်ငန်းစွမ်းဆောင်ရည် တွေ့ရှိချက်များကို သမ္မတဦးထင်ကျော်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြသွားမည်ဖြစ်ပြီး အရေးယူမှုအနေဖြင့် အစိုးရအဖွဲ့ဝင်များကို သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဆုံးဖြတ်သွားမည်ဖြစ်ပြီး လွှတ်တော်အမတ်များကိုမူ ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်သည့် လွှတ်တော်အပိုင်းက ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ဦးဝင်းထိန်က ဆိုသည်။

“တွေ့တာကို သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆီ တင်ပြရမယ်။ ဆုံးဖြတ်တာတော့ သူတို့ ဆုံးဖြတ်မယ်။ လွှတ်တော်နဲ့ ပတ်သက်လို့ ရှိရင်တော့ လွှတ်တော်က အရေးယူမှာ။ အစိုးရနဲ့ပတ်သက်လို့ ရှိရင်တော့ သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံတို့က ဆုံးဖြတ်မှာပေါ့။ တွေ့ရှိချက် တင်ပြမယ်။ ဘယ်လို အရေးယူသင့်တယ်ဆိုတာလည်း ထောက်ပြအကြံပြုရမှာပေါ့” ဟု ဦးဝင်းထိန်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အနေဖြင့် ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်အမတ်ဦးရေ စုစုပေါင်း ၈၈၅ဦး အနိုင်ရရှိထားပြီး နှစ်ဦးမှာ ကွယ်လွန်သွားသည့်အတွက် လက်ရှိတွင် ၈၈၃ဦး ရှိသည်။

“၈၈၃ယောက်ရဲ့ အနေအထားကို သုံးသပ်မှာလေ။ သုံးသပ်ပြီးတော့မှ တော်တဲ့သူတွေ၊ သာမန်စွမ်းဆောင်ရည် လုပ်နိုင်တဲ့သူတွေကိုတော့ ဘာမှ ပြောစရာ မရှိဘူး။ လိုတယ်လို့ထင်တဲ့သူတွေကိုတော့ အစိုးရအာဏာမယူခင်တုန်းက လုပ်သလိုပေါ့။ တိုင်းနဲ့ပြည်နယ်အလိုက် သင်တန်းတွေ ပေးတယ်။  နောက် သူတို့ဟာသူတို့လုပ်တဲ့ Workshop တွေ ရှိတယ်။ အဲ့ဒါမျိုးတွေပေါ့” ဟု ဦးဝင်းထိန်က ဆိုသည်။

လက်ရှိတွင် ပြည်သူ့လွှတ်တော်အမတ်များဖြစ်သည့် ရွှေပြည်သာမြို့နယ်အမတ် ဦးဉာဏ်လင်း၊ မြောင်းမြမြို့နယ်အမတ် ဒေါက်တာစိုးမိုးသူနှင့် မအူပင်မြို့နယ်အမတ် ဦးစိန်ဝင်းတို့ (၃)ဦးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ပါတီစည်းကမ်းဖြင့် အရေးယူထားသည်။

အဆိုပါ (၃)ဦးအား ပါတီက ပေးအပ်ထားသည့်တာဝန်နှင့် လွှတ်တော်ကော်မတီတွင် ပေးအပ်ထားသည့် တာဝန်များကို ရုတ်သိမ်းကာ ပါတီစည်းကမ်းအရ ၂၀၁၆ခုနှစ်၊ နိုဝင်ဘာ ၂၇ရက်က အရေးယူထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly