KBC မှ ကချင်ဆရာမ နှစ်ဦး အဓမ္မပြုကျင့်၍ သတ်ဖြတ်ခံခဲ့ရသော ၂ နှစ်ပြည့် ဆုတောင်းပွဲ ကျင်းပ

KBC မှ ကချင်ဆရာမ နှစ်ဦး အဓမ္မပြုကျင့်၍ သတ်ဖြတ်ခံခဲ့ရသော ၂ နှစ်ပြည့် ဆုတောင်းပွဲ ကျင်းပ
ကေဘီစီ ပညာဒါန ဆရာမ မရန်လုရာ နှင့် ခေါန်နန်စင်တို့ သတ်ခံရမှု တစ်နှစ်ပြည့်အောက်မေ့ဘွယ်ဆုတောင်းပွဲ နှင့် သတင်းစာရှင်းလင်းပွဲကို ၂၀၁၆ခုနှစ် ဇန်နဝါရီလ ၁၉ ရက် နေ့လည်က ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန် အသင်းချုပ်တွင် ကျင်းပပြုလုပ်ခဲ့စဉ်။ (ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ)
 

ချင်းမိုင်၊ဇန်နဝါရီလ ၁၉ ။             ။ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)မှ ပညာဒါန ဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့မှု အမှုမှန်ဖော်ထုတ်ပေးရန် ၂ နှစ်ပြည့် အောက်မေ့သတိရ ဆုတောင်း အခမ်းအနားကို သူတို့နှစ်ဦး သတ်ဖြတ်ခံရသည့် ကောင်းခါးကျေးရွာရှိ ဘုရားကျောင်းတွင် ဇန်နဝါရီလ ၁၉ ရက်နေ့က ပြုလုပ်၍ တောင်းဆိုလိုက်သည်။

အသက် ၂၀ နှစ်အရွယ် မမရန်လုရာနှင့် အသက် ၂၁ နှစ်အရွယ် မတန်ဘောင် ခေါန်နန်စင်တို့အား သတ်ဖြတ်ခံရသော ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်မြို့နယ် နမ်တောင်းကျေးရွာအုပ်စု   ကောင်းခါးကျေးရွာရှိ ဘုရားကျောင်းတွင် ဆုတောင်းဝတ်ပြုခဲ့ခြင်း ဖြစ်သည်။

“အခမ်းအနားမှာ ဝတ်ပြုဆုတောင်းတာတို့၊ အမှုမှန်ဖော်ထုတ်ရေးအဖွဲ့ကလည်း အမှုဘယ်လို စုံစမ်းနေတဲ့ အခြေအနေတွေ တင်ပြခဲ့တယ်။ လူထုတွေကတော့ အမှုမှန်ဖော်ထုတ်ပေးဖို့။ ကျွန်တော်တို့ အမှုမှန်ဖော်ထုတ်ရေးအဖွဲ့ကလည်း တောင်းဆိုထားတဲ့အတိုင်းဘဲ စစ်ကြောင်းမှူးရယ်၊ စစ်သားတွေရယ်၊ နောက်နေ့အစောကြီး ရဲဘော်တွေကို တင်သွားတဲ့ ကားသမား ၃ ယောက်နဲ့   တွေ့လိုက်မယ်ဆိုရင်တော့  အမှုမှန်ဖော်ထုတ်နိုင်မယ်လို့ ထင်တယ်။ ဒါကြောင့် ဆက်ပြီးတောင်းဆိုတယ်”ဟု မူဆယ်မြို့နယ် KBC အတွင်းရေးမှူး ဆရာဇော်လာက ပြောသည်။

ယင်းဆုတောင်းဝတ်ပြုပွဲတွင် ဆရာမ နှစ်ဦး၏ အမှုနှင့် ပတ်သက်၍ သံသယရှိသူ အခင်းဖြစ်ပွားသည်ညက ကောင်းခါး ကျေးရွာတွင် ရောက်ရှိခဲ့သော တပ်မတော် စစ်ကြောင်းမှူး၊ တပ်သားများနှင့် နောက်နေ့ နံနက်တွင် အဆိုပါ စစ်ကြောင်းအား တင်ဆောင်သွားသည့် ကားဆရာ ၃ ဦးတို့အား စစ်ဆေးမေးမြန်းခွင့် ပြုရန် KBC မှ အမှုမှန်ဖော် ထုတ်ရေးကော်မတီက အစိုးရ ရဲတပ်ဖွဲ့ထံသို့ တင်ပြတောင်းဆိုထားမှု အခြေအနေများကို ရှေ့နေ ဘရန်ဒီးက တင်ပြခဲ့သည်ဟု သူက ပြောသည်။

ထိုအခမ်းအနားတွင် လားရှိူး၊ ကွတ်ခိုင်၊ မုံးကိုး၊ ပန်ဆိုင်း၊ မုန်ဘော်၊ မူဆယ်၊ နမ့်ခမ်းမြို့နယ်များမှ ဆရာတော်များနှင့် အသင်းတော်အသင်းသားများ ၂၀၀၀ ခန့် တက်ရောက်ခဲ့သည်ဟု ဆိုသည်။ အခြား ရန်ကုန်နှင့် မန္တလေး အပါအဝင် KBC အသင်းတော်တိုင်းတွင် ဆုတောင်းဝတ်ပြုမှု အခမ်းအနား ကျင်းပကြသည်ဟု ဆရာဦးဇော်လာက ပြောသည်။

ဆုတောင်းပွဲ အခမ်းအနားတွင် ဆရာမ ၂ ဦး သေဆုံးမှု အမှုမှန်ပေါ်ပေါက်ရန် စုံစမ်းဖော်ထုတ်မှု နောက်ဆုံး အခြေအနေများကို တင်ပြခဲ့သည်ဟု ရှေ့နေ ဦးဘရန်ဒီးက “မြန်မာပြည်မှာတော့ မဆန်းတော့ပါဘူး။ ဖြစ်သွားတဲ့အမှုတွေ မပေါ်တာ အများကြီးဘဲ။ အမှန်မှန်ပေါ်အောင် ကျနော်တို့ လုပ်စရာရှိတာ လုပ်ရုံဘဲ ရှိပါတယ်။ ကျနော်တို့ကတော့ အမှုမှန်ပေါ်ပေါက်ဖို့ လုပ်နေပါတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

၂၀၁၆ ခုနှစ် မေလ ၁၈ ရက်က ဆရာမနှစ်ဦးအမှုတွင် သံသယရှိသူများနှင့် KBC မှ အမှုစုံစမ်းရေးကော်မတီတို့ လားရှိူးမြို့ ပြည်နယ် ရဲတပ်ဖွဲ့ရုံးတွင်တွေ့ဆုံခဲ့ပြီး ထိုမှ ယနေ့ထိ အမှုစစ်ဆေးခြင်း မရှိသေးပေ။

KBC နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကိုလည်း အမှုမှန် ဖော်ထုတ်ပေးရန် တင်ပြတောင်းဆိုမှုများ ရှိသော်လည်း ယနေ့ထိ စုံစမ်းစစ်ဆေးမှုများ မရှိသေးကြောင်း သိရသည်။

ဆရာမ နှစ်ဦးနှင့် ပတ်သက်၍ အမှန်တရားကို ရှာဖွေရန်အတွက် “တရားမှု ရှာဖို့ နှောင့်နှေးခြင်းမှာ တရားမှုကို ငြင်းပယ်ခြင်းပါ”ဟူသော အစီရင်ခံစာကို ဥပဒေအထောက်အကူပြုကွန်ရက်(LAN)နှင့် ကချင်အမျိုးသမီး အစည်းအရုံး(ထိုင်းနိုင်ငံ)-KWAT က ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်က ထုတ်ပြန်ခဲ့သည်။

၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့က ဆရာမ နှစ်ဦးအား အဓမ္မပြုကျင့်၍ သတ်ဖြတ်ခဲ့ခြင်း ဖြစ်ပြီး ဆရာမ နှစ်ဦးအား အသတ်ခံရသည့်နေရာမှ ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ကားဖြင့် သယ်ဆောင်လာ၍ ဂျော်ဘွမ်သုသာန်တွင် သဂြိုလ်ခဲ့သည်။

ဆရာမ နှစ်ဦး သေဆုံးမှု ၂ နှစ်ပြည့်နေ့တွင် ၁၉၉၅ ခုနှစ် မန္တလေးမြို့ အောင်ပင်လယ်တွင် ပြုလုပ်ခဲ့သော KBC ၏ ကချင်စာပေရရှိခဲ့သည့် နှစ် ၁၀၀ ပြည့် လူထုတွေ့ဆုံပွဲ အထိမ်းအမှတ်အဖြစ် KBC ပညာရေးသာသနာပြု လုပ်ဆောင်ခဲ့သည်။ ယနေ့တွင် ၂၀ နှစ်ပြည့်ခဲ့သည့် အထိမ်းအမှတ်နှင့်အတူ ဆရာမ နှစ်ဦးအား အောက်မေ့ဖွယ် အခမ်းအနားကိုလည်း မြစ်ကြီးနားမြို့ရှိ KBC ဗဟိုဌာနချုပ်ရုံးတွင် အခမ်းအနား ကျင်းပခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly