ပင်လုံမြို့တွင် ကျင်းပမည့် ပြည်ထောင်စုနေ့အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်

ပင်လုံမြို့တွင် ကျင်းပမည့် ပြည်ထောင်စုနေ့အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇန်နဝါရီ ၁၉ရက်၊ ၂၀၁၇ခုနှစ်)။ ။ ရှမ်းပြည်နယ်၊ ပင်လုံမြို့တွင် လာမည့် ဖေဖော်ဝါရီ(၁၂)ရက်တွင် ကျင်းပပြုလုပ်မည့် (၇၀)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ ဗဟိုအတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင် ဦးဝင်းထိန်က ဇန်နဝါရီ(၁၉)ရက်တွင် အတည်ပြု ပြောကြားသည်။

“ဒေါ်အောင်ဆန်းစုကြည်က အစိုးရအဖွဲ့အနေနဲ့ ပင်လုံမှာ ပြည်ထောင်စုနေ့အခမ်းအနား တက်မယ်။ ပါတီဥက္ကဌ အနေနဲ့ တက်တာ မဟုတ်ဘူး” ဟု ဦးဝင်းထိန်က ပြောသည်။

ပင်လုံမြို့တွင် ပြည်ထောင်စုနေ့အခမ်းအနားကို ဖေဖော်ဝါရီ (၁၂)ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သလို ဖေဖော်ဝါရီ ၁၃ရက်တွင် ကျရောက်မည့် ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၂)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံရေးဟောပြောပွဲများ၊ ငြိမ်းချမ်းရေးထောက်ခံပွဲများနှင့် အားကစားပြိုင်ပွဲများကိုပါ ကျင်းပသွားရန် ရှိနေသည်။

“ပင်လုံမှာ ၁၂ ရက်နေ့နဲ့ ၁၃ ရက်နေ့က အန်အယ်လ်ဒီလူငယ် ခေါင်းဆောင်ပြီးတော့ ငြိမ်းချမ်းရေး ထောက်ခံပွဲ၊ နောက်တစ်နေ့ ဗိုလ်ချုပ် အောင်ဆန်းမွေးနေ့ ၂ ရက် ဆက်တိုက် လုပ်မယ်။ နိုင်ငံရေး ဟောပြာပွဲတွေ ပါမယ်။ အားကစား ပြိုင်ပွဲတွေ၊ ဆုပေးပွဲတွေ ပါမယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်လို့ ကျပန်း စကားပြောတာတွေ ပါမယ်” ဟု ဦးဝင်းထိန်က ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့တွင် ဖဆပလ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ရှမ်း၊ ကချင်၊ ချင်း ခေါင်းဆောင်များ လွတ်လပ်ရေး ကို တောင်းတန်း/ ပြည်မ မခွဲခြားဘဲ အတူရယူရန် ၁၉၄၇ ခုနှစ်တွင် ပင်လုံစာချုပ် ချုပ်ဆိုခဲ့ကြပြီး အထိမ်းအမှတ် အဖြစ် “ပြည်မတောင်တန်း ပူးပေါင်းရေးစာချုပ် ကျောက်တိုင်” ကို စိုက်ထူခဲ့ခြင်းဖြစ်သည်။

ယခုနှစ်တွင် ကျရောက်မည့် နှစ်(၇၀)ပြည့်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို နေပြည်တော်တွင်လည်း ပုံမှန်အတိုင်း ကျင်းပသွားမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၃ရက်တွင်မူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက်နှင့် ကြိုးပမ်းအားထုတ်မှုကို ထောက်ခံကြိုဆိုသောအားဖြင့် “ငြိမ်းချမ်းရေးစည်တော်သံ အနုပညာပွဲခင်းသာ” ခေါင်းစဉ်ဖြင့် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ တွင် အခမ်းအနား ကျင်းပသွားရန်လည်း ရှိနေသည်။

 

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly