ပျောက်ဆုံး MH370 လေယာဉ်ကို ဆက်လက်ရှာဖွေပေးရန် ကျန်ရစ်သူဆွေမျိုးများ ၀မ်းနည်းပက်လက် တောင်းဆို

ပျောက်ဆုံး MH370 လေယာဉ်ကို ဆက်လက်ရှာဖွေပေးရန် ကျန်ရစ်သူဆွေမျိုးများ ၀မ်းနည်းပက်လက် တောင်းဆို

ဇန်နဝါရီ ၁၉ ။             ။ ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့သော မလေးရှား MH370 လေယာဉ်ပျောက် ရှာပုံတော်ကို ရပ်ဆိုင်းကြောင်း သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများက ကြေညာသွားခဲ့ပြီးနောက် ယခုအခါ ယင်းပျောက်ဆုံးလေယာဉ်ပေါ်ပါသွားကြသူများ၏ ကျန်ရစ်သူဆွေမျိုးများက ရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်းပေးပါရန် တိုက်တွန်းတောင်းဆိုသွားခဲ့ကြကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

လေယာဉ် ပျောက်ဆုံးသွားခဲ့သည်မှာ သုံးနှစ်နီးပါး ကြာမြင့်လာသည်နှင့်အလျောက် အိန္ဒိယသမုဒ္ဓရာတောင်ပိုင်းတွင် လုပ်ဆောင်နေခဲ့သည့် ရှာဖွေရေးလုပ်ငန်းများကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း  သြစတြေးလျ၊ မလေးရှားနှင့် တရုတ်တို့က ထုတ်ပြန်ကြေညာသွားခဲ့သည်။ ယင်းနိုင်ငံများမှ နိုင်ငံသားများ လေယာဉ်ပေါ်တွင် အများစု ပါဝင်သွားခဲ့ခြင်းဖြစ်သည်။

သို့သော် အဆိုပါ သက်ဆိုင်ရာ အစိုးရများအနေဖြင့် ရှာဖွေရေးလုပ်ငန်းရပ်ဆိုင်းရန် လုံလောက်သည့် အထောက်အထားများ ရှိမနေခဲ့ကြောင်း ကျန်ရစ်သူဆွေမျိုးများက ပြစ်တင်ပြောကြားသွားခဲ့ကြသည်။

အလားတူ ရှာဖွေမှုများနောက်ပိုင်း မည်သည့် ရလဒ်မျှ ထွက်ပေါ်လာခြင်းမရှိသည့်အတွက် အစကနေ ပြန်လည်လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဆွေမျိုးများက ပြောသည်။ အလားတူ ရေပြင်တွင် ရှာဖွေမှုများ ရပ်ဆိုင်းထားခဲ့ချိန်တွင် မြေပြင်တွင်လည်း ယင်းလေယာဉ်ကို ရှာဖွေသင့်ကြောင်း ဆွေမျိုးတစ်ဦးက ပြောသွားသည်။

မလေးရှားလေကြောင်းလိုင်းမှ ယင်းလေယာဉ်မှာ ၂၀၁၄ ခုနှစ် မတ်လ ၈ ရက်က ခရီးသည် ၂၃၉ ဦးကို တင်ဆောင်ပျံသန်းသွားရင်း လမ်းခုလတ်တွင်ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

တစ်ချိန်တည်းတွင်မှာပင် လေယာဉ်ပျောက် ရှာပုံတော်ဖွင့်ရာတွင် ကုန်ကျနေရသည့် စရိတ်စကများပြားခြင်းကြောင့်လည်း ယခုလို ရှာဖွေရေးလုပ်ငန်းများ ရပ်ဆိုင်းလိုက်ရခြင်းမဟုတ်ကြောင်း သြစတြေးလျကလည်း ခုခံချေပသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly