အိန္ဒိယတွင် ကျောင်းကားနှင့် ထရပ်ကား တိုက်မိပြီး ကလေးငယ် ၁၅ ဦးသေဆုံး

အိန္ဒိယတွင် ကျောင်းကားနှင့် ထရပ်ကား တိုက်မိပြီး ကလေးငယ် ၁၅ ဦးသေဆုံး

ဇန်နဝါရီ ၁၉ ။            ။ အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် ဇန်နဝါရီ ၁၉ ရက်က ကျောင်းအကြိုအပို့ ကားတစ်စီးနှင့် ထရပ်ကားတစ်စီး တို့ တိုက်မိပြီး ကလေးငယ် ၁၅ ဦးထက်မနည်း သေဆုံးကာ ဒါဇင်ပေါင်းများစွာ ဒဏ်ရာ ရရှိသွားသည်ဟု ရဲများက ပြောသည်။

ကမ္ဘာပေါ်တွင် လမ်းပိုင်းအခြေအနေ စိတ်ချရမှု မရှိဆုံး နိုင်ငံတစ်နိုင်ငံဖြစ်သည့် ယင်းအိန္ဒိယတွင် ယခုဖြစ်စဉ်မှာ နောက်ဆုံးကြုံတွေ့လာရသည့် ယာဉ်တိုက်မှုအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီး   ကျောင်းကားဒရိုင်ဘာဖြစ်သူလည်း သေဆုံးသွားကြောင်း သိရသည်။

" Etah ဒေသမှာ ဖြစ်ခဲ့တဲ့ ဒီ ယာဉ်တိုက်မှုကြောင့် ကျောင်းသားငယ် ၁၅ ယောက် သေဆုံးသွားပါတယ်၊ ဒဏ်ရာ ရသူတွေကိုလည်း ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေပါပြီ" ဟု ဥတာပရာဒက်ရှ် ပြည်နယ် ရဲမှူးချုပ် ဂျာဗီး အာမက်ဒ်က ပြောသည်။

ယာဉ်တိုက်မှု ဖြစ်ပွားရခြင်း၏ အကြောင်းရင်းကို မသိရှိရသေးသော်လည်း ယခုလို ဆောင်းတွင်းကာလတွင် ယင်းနိုင်ငံမြောက်ပိုင်း၌ နှင်းများထူထပ်စွာကျဆင်းကာ လမ်းမရှင်းသည့် ပြဿနာများ   ပေါ်ပေါက်လေ့ရှိကာ ယာဉ်မတော်တဆမှုဖြစ်စဉ်များလည်း ဖြစ်ပေါ်ထားခဲ့သည်။

ယင်းနိုင်ငံတွင် ယမန်နှစ် ယာဉ်တိုက်မှုများကြောင့် လူပေါင်း ၁၅၀,၀၀၀ နီးပါး သေဆုံးထားသကဲ့သို့ တစ်ရက်တည်းမှာပဲ လူပေါင်း ၄၀၀ အထိ သေဆုံးခဲ့ရသည့် ဖြစ်စဉ်မျိုးလည်း ရှိခဲ့ကြောင်း  လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly