ရွေးကောက်ပွဲ ရှုံးနိမ့်ထားသည့် ဂမ်ဘီယာသမ္မတ ရာထူးမှဆင်းပေးရန် ငြင်းဆန်နေ၍ အာဖရိကန်တပ်များ ၀င်ရောက်ဖိအားပေးရန် ပြင်ဆင်

ရွေးကောက်ပွဲ ရှုံးနိမ့်ထားသည့် ဂမ်ဘီယာသမ္မတ ရာထူးမှဆင်းပေးရန် ငြင်းဆန်နေ၍ အာဖရိကန်တပ်များ ၀င်ရောက်ဖိအားပေးရန် ပြင်ဆင်

ဇန်နဝါရီ ၁၉ ။                   ။ ဂမ်ဘီယာနိုင်ငံတွင် သမ္မတ Yahya Jammeh က ရွေးကောက်ပွဲအရှုံးရလဒ်ကို လက်မခံဘဲ ရာထူးမှ ဖယ်ပေးရန် ငြင်းဆန်နေခဲ့၍ အာဖရိကန်နိုင်ငံများ   ကျောထောက်နောက်ခံ ပြုထားသည့် ဆီနီဂေါတပ်ဖွဲ့များက ယင်းနိုင်ငံတွင်းသို့ ဝင်ရောက်ကာ အင်အားသုံးဖိအားပေးရန် ပြင်ဆင်နေလျက်ရှိသည်။

ရွေးကောက်ပွဲရှုံးပြီးနောက် ရာထူးအာဏာသက်တမ်းကုန်ဆုံးသွားခဲ့ပြီဖြစ်သော်လည်း Yahya Jammeh မှာ ယင်းအခြေအနေတွင် ရာထူးမှ ဖယ်ပေးခြင်းမရှိသေးဘဲ ငြင်းဆန်နေလျက်ရှိသည်။

သို့သော် နိုင်ငံတွင်းသို့ ဆီနီဂေါတပ်များ ဝင်ရောက်လာပါက မိမိတို့တပ်များအနေဖြင့် ပြန်လည်ခုခံတိုက်ခိုက်ရန် အစီအစဉ်မရှိကြောင်း Jammeh ၏ စစ်ဦးစီးချုပ် ဖြစ်သူက ပြောသည်။

" ကျွန်တော်တို့ တပ်တွေကို ဒီစစ်ရေးပိုင်း အရှုပ်အရှင်းထဲပါခိုင်းမှာမဟုတ်ပါဘူး၊ ခုဖြစ်နေတာက နိုင်ငံရေး အကျပ်အတည်းတစ်ခုပါ၊ ကျွန်တော့်စစ်သားတွေကို ဒီလိုအဓိပ္ပါယ်မဲ့တဲ့ တိုက်ပွဲထဲ ဝင်ပါခိုင်းမှာမဟုတ်ပါဘူး၊ ကျွန်တော့်လူတွေကို တန်ဖိုးထားပါတယ်" ဟု ဂမ်ဘီယာ စစ်ဦးစီးချုပ် Ousman Badjie က ပြောသည်။

" တကယ်လို့ သူတို့ (ဆီနီဂေါ) တပ်တွေ ဝင်လာတယ်ဆိုရင်လည်း ကျွန်တော်တို့က ဒီမှာ ဒီလိုမျိုး ရှိနေမှာပါ" ဟု ၎င်းက လက်နက်ချသည့် အပြုအမှုဖြစ်သည့် လက်မြှောက်ပြသည့် အမူအရာကို ပြသသွားခဲ့သည်။

ယင်းနိုင်ငံတွင် ပြဌာန်းချက်များအရ ရွေးကောက်ပွဲရှုံးနိမ့်သွားသည့် Jammeh ၏ တရားဝင်သတ်တမ်းမှာ ဒေသစံတော်ချိန် ညသန်းခေါင်ယံအချိန်တွင် ကုန်ဆုံးသွားခဲ့ပြီဖြစ်သော်လည်း ပြိုင်ဘက် Adama Barrow ကို ရှုံးနိမ့်ထားသည့် ရလဒ်ကို လက်မခံဘဲ ရာထူးမှ ဆင်းပေးရန် ငြင်းဆန်နေလျက်ရှိသည်။

ယခုအခါ နိုင်ဂျီးရီးယားကလည်း ဆီနီဂေါတပ်ဖွဲ့များထံသို့ ယင်း၏ တပ်ဖွဲ့ဝင်များနှင့် တိုက်လေယာဉ်များ ပေးပို့ထားလျက်ရှိပြီး အခြားသော အာဖရိကနိုင်ငံများကလည်း ဂမ်ဘီယာပြဿနာကို အင်အားသုံး ဖိအားပေးရန် ပြင်ဆင်လာနေလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags