ပြည်တွင်းစစ်တွေရပ်ဖို့ ဘာတွေ လိုအပ်လဲ အစိုးရကို ဘာတွေ အကြံပေးချင်လဲ

ပြည်တွင်းစစ်တွေရပ်ဖို့ ဘာတွေ လိုအပ်လဲ အစိုးရကို ဘာတွေ အကြံပေးချင်လဲ

ဘားအံ၊ ဇန်နဝါရီ ၁၉ ။             ။ လူမျိုးအခြေခံသည့် နိုင်ငံရေးဆွေးနွေးပွဲကို ပထမဆုံးအကြိမ်အဖြစ် ကရင်ပြည်နယ်တွင် ဇန်နဝါရီ ၁၈ မှ ၂၀ ထိ ၃ရက်တာပြုလုပ်နေပြီး တက်ရောက်လာသူအချို့ရဲ့ သဘောထားအမြင်ကို မဇ္ဈိမသတင်းထောက်က ဘားအံမှ ပေးပို့ထားသည်။

မန်းငြိမ်းမောင်
ကရင်အမျိုးသားအစည်းရုံး(KNU) ဗဟိုကော်မတီဝင်

အစိုးရတင်မဟုတ်ဘူး။ အကုန်လုံးကိုအကြံပေးမှာ။ ကရင်ဖော်မြူလာကိုကြည့်လို့ ကျွန်တော်တို့က ငြိမ်းချမ်းရေးတည်ဆောက်တဲ့အခါကြတော့ တစ်လျှောက်လုံး ရန်ဖက်ဖြစ်ခဲ့တာ နှစ်ပေါင်း ၆၀ ကျော် ရန်သူတွေပဲ။ ဒါပေမယ့် ရန်သူနဲ့တွေ့မယ်ကြတော့ ကျွန်တော်တို့က အရင်းအနှီးမရှိဘူး။  ရိုးသားမှုနဲ့ သစ္စာရှိမှု အခြေခံပြီးတော့မှ ယုံကြည်မှုတည်ဆောက်တာကြတော့ ဒီအဆင့်ထိရောက်လာတာပါ။ ပြည်တွင်းစစ် တကယ်ရပ်ချင်ရင် ပြည်သူတွေရဲ့မျက်နှာကိုထောက်ထားပါ။ အရိုးခံစေတနာနဲ့တွေ့ပါ။ စစ်မြေပြင်မှာ ကရင်တွေရှိတာ နှစ်ပေါင်း ၆၀ ကျော်သွားပြီ။ ဘာမှ အဖြေမရဘူး ။ ကျိုးကြေတာပဲ အဖက်တင်တယ်။ စားပွဲဝိုင်းမှာပဲ အဖြေရှိတယ်။ ဒီနေ့မြန်မာပြည်ရဲ့နိုင်ငံရေးက စားပွဲဝိုင်းမှာပဲရှိတယ် စားပွဲဝိုင်းကို တက်လာခဲ့ပါ။ မကျေနပ်ရင်လည်း စားပွဲဝိုင်းမှာပဲ စာရင်းရှင်းလို့ရတယ်။ စားပွဲဝိုင်းမှာရှင်းတာက အလွန်ဆုံး ဖန်ခွက်နဲ့ပေါက်တာပဲရှိမယ်။ စစ်မြေပြင်မှာဆိုရင် ဒုံး၊ ဒိုင်းနဲ့ပြီးသွားပြီ ။ ဟုတ်တယ်မှတ်လား။  အဖြေကတော့ စားပွဲဝိုင်းမှာပဲရှိတယ် ။ ပြည်တွင်းစစ် တကယ်ရပ်ချင်ရင် စားပွဲဝိုင်းကိုတက်လာခဲ့ပါ ။ အပြစ်လျှောက်ပြောနေရင် ၇ရက် ၇လီတောင် ပြောလို့မဆုံး။  ပြည်တွင်းစစ်တကယ်ရပ်ချင်ရင် ရိုးသားမှုနဲ့ သစ္စာရှိမှုကို အခြေခံပါ။ ကျွန်တော်တို့ ကရင်တွေ ဒါပဲလုပ်ခဲ့တယ် ။ ဒီကြောင့်မို့ ဒီအဆင့်ထိရောက်လာတယ်။

နန်းခင်ထွေးမြင့်
ကရင်ပြည်နယ် ဝန်ကြီးချုပ်

ငြိမ်းချမ်းရေးအောင်မြင်အောင်ဆိုရင် ကျွန်မတို့က နံပါတ် ၁ အချက်က စည်းကမ်းရှိရမယ် ။ နံပါတ် ၂ ကတော့ ကျွန်မတို့ ညီညွှတ်မှုကို ထိန်းသိမ်းထားရမယ် ။ ကျွန်မတို့ရဲ့လုပ်ဆောင်ချက်ကို ဆက်ပြီးကြိုးစားရင်တော့ ငြိမ်းချမ်းမှုက အပြည့်အ၀ ရမှာပါ။ စပြီးထူထောင်ပြီဆိုတော့ သေးသေးလေးက စတာပါ။ ကျွန်မတို့ပြည်နယ်၊  ကရင်ပြည်နယ် လူမျိုးစုကနေ စတာပါ ။ နောက်တဖြည်းဖြည်းနဲ့ ကျယ်လာပါလိမ့်မယ်။ တစ်ယောက်နဲ့တစ်ယောက်နဲ့ ဒါက ငြိမ်းချမ်းရေးကလည်း ကူးစက်တတ်ပါတယ်။ တဖြည်းဖြည်းနဲ့ ဖြစ်သွားပါလိမ့်မယ်။

ဦးနိုင်ငံလင်း
ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင်

စစ်ကတော့ ထိတွေ့မှုဖြစ်တယ်ဆိုတာကတော့ တကယ်တော့ မယုံကြည်မှုကဖြစ်တာပေါ့။ ဒီလိုမျိုးဖြစ်ခဲ့တာလည်း နှစ်ပေါင်းများစွာဖြစ်ခဲ့ပြီ။ အဲ့လိုဖြစ်နေလို့လည်း တွေ့ဆုံ မှုတွေ အကြိမ်ကြိမ်တွေ့နေ၊ တွေ့ဖို့လုပ်နေရတာပေါ့နော်။ နောက်ပြီးတော့ အရင်တုန်းကမရခဲ့တဲ့ ဖက်ဒရယ် ဒီမိုကရေစီပေါ့ ။အခုရဖို့ ကြိုးစားနေကြတယ်။ တိုင်းရင်းသားတွေလိုအပ်တဲ့၊ တိုင်းရင်းသားတွေ လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီကို ရအောင်လုပ်နေတဲ့နေရာမှာ၊ တိုင်းရင်းသားတွေ ဒါကိုရမယ်ဆိုရင် ဒါနဲ့အလဲအလှယ်လုပ်ရမှာပေါ့။ အဲ့တော့ ဒါရမယ် ကျိန်းသေတယ်ဆိုရင်တော့ ရပ်ဖို့ စစ်နဲ့ပတ်သက်လို့ ရပ်ဖို့ အားလုံးကြိုးစားကြရမှာပေါ့ ။ ဒီလိုပဲမြင်ပါတယ်။

ကိုမင်းအောင်
ကရင်ပြည်နယ် ပအို့ဝ်စာပေနှင့် ယဉ်ကျေးမှု

ပြည်တွင်းစစ်တွေ ရပ်ဖို့အတွက်ဆိုရင်တော့ ဆွေးနွေးပွဲမျိုးပေါ့ ။ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း ဆွေးနွေးတာရှိမယ် ။ လွှတ်တော်ရှိမယ် ။ သူတို့ သုံးဦးဖလှယ်ကနေပြီးတော့ များများတွေ့ပြီးတော့ အကောင်းဆုံးတစ်ခု ညှိနှိုင်းရမှာပေါ့ ။ ပြီးရင်ကျွန်တော်တို့အနေနဲ့ ကြည့်မယ်ဆိုရင် တိုင်းရင်းသားဆိုတာ အားလုံးက တိုင်းရင်းသားတွေချည်းပဲပေါ့ ။ ညှိနှိုင်းယူတဲ့နည်းစနစ်မျိုးသွားရင်တော့ ပိုကောင်းမယ်လို့ ကျွန်တော်တော့မြင်တယ်။ ဒီကနေ့ ထိုးစစ်တွေရပ်ပါဆိုတာကလည်း တစ်ဖက်မှာကြည့်ရင် အစိုးရတပ်အနေနဲ့ တိုင်းပြည်ရဲ့အချုပ်အခြာအာဏာကို လာထိပါးတယ်လို့ ယူဆတယ်။ ဒါပေမယ့် အဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း ကြည့်မယ်ဆိုရင် သူတို့ရဲ့ဒေသကို လာရောက်ထိပါးတဲ့ ထိပါးစော်ကားတယ်လို့မြင်တယ်။ တကယ်တန်းတော့ နှစ်ဖက်စလုံးက ညှိနှိုင်းပြီး သွားမယ်ဆိုရင် ဘယ်သူက ဘယ်နေရာမှာ၊ဘယ်လို တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ သွားရင်ကောင်းမယ်လို့ ကျွန်တော်မြင်ပါတယ်။

ဒေါက်တာအောင်ထွန်းသက်
ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင်

အရင်းမြစ်ကို စဉ်းစားရမယ် ပြသာနာတစ်ခုကိုဖြေရှင်းချင်ရင် သူရဲ့အရင်းမြစ်ကို သိဖို့လိုတယ်။ ပြဿနာရဲ့ ဇစ်မြစ်ကို စဉ်းစားရင်ဘာလဲဆိုတော့ တစ်ယောက်နဲ့တစ်ယောက် သံသယတွေရှိခဲ့တာ၊ တစ်ယာက်နဲ့တစ်ယောက် ယုံကြည်မှုတွေ လျော့ခဲ့တာ၊ ဒါတွေအားလုံးကို ပြန်ပြီးတည်ဆောက်မှရမယ်။ နှစ်တွေအကြာကြီး တစ်ယောက်နဲ့တစ်ယောက်၊ သူ့အမြင်၊ကိုယ့်အမြင် ဖလှယ်နိုင်တဲ့ အခြေအနေထားမရှိခဲ့ဘူး။ အဲ့တော့ သူ့အမြင်၊ ကိုယ့်အမြင်ကို အခုလို ဆွေးနွေးပွဲနဲ့ ဖြေရှင်းမယ့်အစား အကြမ်းဖက်ပြီး ဖြေရှင်းတဲ့အကျင့်ဟာ နှစ်ပေါင်း ၆၀ ကျော်ရှိခဲ့တဲ့အခါကြတော့ အခုလို တစ်ယောက်နဲ့တစ်ယောက် သူပြောရင် သူပြောတဲ့ဟာကို သည်းခံပြီးနားထောင်ပေးနိုင်တဲ့စိတ် မွေးဖို့က အဓိကပဲ။ ဘာကြောင့်လည်းဆိုတော့ ကိုယ့်အကြောင်း ကိုယ့်ဘက်ကကြည့်ရင်မှန်သလို သူ့ဘက်ကကြည့်ရင်လည်း အခြေနေကတစ်ခုလေ ။ ဒါကြောင့်မို့ ဒီနေ့ အစိုးရသစ် အနေအထားကတော့ တစ်ယောက်နဲ့တစ်ယောက်နားလည်မှုရှိအောင် တည်ဆောက်ရမှာပေါ့။။ နားလည်မှုရှိအောင် တည်ဆောက်ဖို့ဆိုရင်တော့ နားထောင်ဖို့လိုတယ်။ သူပြောတာနားထောင်၊ သူကကလည်း ကိုယ်ပြောတာနားထောင်၊ တစ်ယောက်နဲ့တစ်ယောက်နားလည်မှုတိုးလာမှာပေါ့။ အခြေခံက ဒါပဲ။ ပွင့်ပွင့်လင်းလင်းမြင်မြင်သာသာ ရှိလာရင် ဒီကိစ္စတွေကဖြေရှင်းဖို့ ရတဲ့ကိစ္စတွေပေါ့လေ။ တစ်ကမ္ဘာလုံးအနေနဲ့ကြည့်ရင်လည်း ဒီလိုပဲ ဖြေရှင်းခဲ့တာပဲ။ ယုံကြည်မှု၊ နားလည်မှုကို အခြေခံပြီး ဖြေရှင်းခဲ့တယ်။ နောက်တစ်ခုက ခွင့်လွတ်ခြင်းပေါ့။  ပြီးခဲ့တာက ပြီးခဲ့ပြီ။ ဒါတွေကို ပြန်ကြည့်နေလို့ ဘယ်တော့မှ ပြီးမှာမဟုတ်ဘူး။ အရေးကြီးတာက ရှေ့ဘာလုပ်မလဲ။ လူငယ်တွေအတွက် ဘာလုပ်ဖို့၊ လုပ်ပေးလို့ရမလဲ။ အဲ့လိုပဲ လူငယ်တွေကလည်း ဒီငြိမ်းချမ်းရေးမှာပါဝင်ဖို့လိုတယ်။ ဒါပါပဲ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly