မလေးရှားနိုင်ငံမှ အကူအညီပေးသင်္ဘောကို မြန်မာ အစိုးရ ရန်ကုန်ဝင်ခွင့်ပြု

မလေးရှားနိုင်ငံမှ အကူအညီပေးသင်္ဘောကို မြန်မာ အစိုးရ ရန်ကုန်ဝင်ခွင့်ပြု

ရန်ကုန်၊ ဇန်နဝါရီ ၁၉ ။            ။ ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်များကို လူသားချင်းစာနာထောက်ထားသည့် အကူအညီများပေးအပ်မည့် မလေးရှားနိုင်ငံမှ သင်္ဘောကို မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မဇ္ဈိမသို့ အတည်ပြုပြောဆိုလိုက်သည်။

သို့ပေမယ့် အဆိုပါအကူအညီပေးရေးသင်္ဘောကို ရခိုင်ပြည်နယ်စစ်တွေမြို့အထိ သွားရောက်ခွင့်ပေးမည်မဟုတ်ဘဲ ရန်ကုန်အထိသာ ဝင်ရောက်ခွင့်ပြုပေးသွားမည်ဟု ဦးဇော်ဌေးက ထပ်လောင်းဆိုသည်။

"သူတို့က သမ္မတဆီကို တရားဝင်ခွင့်ပြုချက်တောင်းခံလာတယ်။ ဒါပေမယ့် မောင်တောအထိ နိုင်ငံရေးအရ၊ လုံခြုံရေးအရ သွားခွင့်မပြုနိုင်ဘူး။ ရန်ကုန်ဆိပ်ကမ်းမှာပဲ အကပ်ခံမယ်" ဟု ဦးဇော်ဌေးက ဆိုသည်။

အဆိုပါ အကူအညီများကို ရန်ကုန်ဆိပ်ကမ်း၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ လက်ခံရယူသွားမည်ဖြစ်ကာ ယင်းမှတဆင့် ရခိုင်ပြည်နယ်အစိုးရထံ   ပေးပို့သွားမည်ဖြစ်သည်။ ထို့နောက် ရခိုင်ပြည်နယ်အစိုးရစီစဉ်သည့်အတိုင်း ရခိုင်ပြည်နယ်ရှိ အသိုင်းအဝန်း နှစ်ခုစလုံးကို ညီညီမျှမျှ ဖြန့်ဖြူးပေးသွားမည်ဟု သိရသည်။

မလေးရှားနိုင်ငံမှ ရင်းဂစ် ၁၀ မီလီယံ တန်ဖိုးရှိ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ အထောက်အပံ့ အကူညီများ ရခိုင်ပြည်နယ်သို့ ပေးသွားမည်ဟု  မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက်က ယနေ့ ပြောထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly